ရာသီကုန်ရင် အနားယူတော့မယ့် အယ်လ်ဘာကို မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့ ဂုဏ်ပြုနှုတ်ဆက်စကားဆို

ရာသီကုန်ရင် အနားယူတော့မယ့် အယ်လ်ဘာကို မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့ ဂုဏ်ပြုနှုတ်ဆက်စကားဆို
Photo: X
Photo: X
Published 8 October 2025

အင်တာမိုင်ယာမီအသင်းက စပိန်နောက်ခံလူ အယ်လ်ဘာဟာ ဒီနှစ် မေဂျာလိဂ်ရာသီကုန်ရင် ကစားသမားဘဝက အနားယူတော့မယ်လို့ အတည်ပြုကြေညာခဲ့ပြီး မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့က ဂုဏ်ပြုနှုတ်ဆက်စကား ဆိုခဲ့ကြကြောင်း သိရပါတယ်။

အသက်(၃၆)နှစ်ရှိပြီဖြစ်တဲ့ အယ်လ်ဘာဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့တာဖြစ်တာကြောင့် (၁၉)နှစ်အကြာမှာ အနားယူဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

''ဘဝမှာ တကယ့်ကို အဓိပ္ပာယ်ပြည့်ဝတဲ့ အခန်းကဏ္ဍတစ်ခု အဆုံးသတ်ရမယ့်အချိန် ရောက်ရှိလာပါပြီ။ ဒီရာသီအကုန်မှာ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီဆုံးဖြတ်ချက်ကို ခိုင်မာတဲ့ခံယူချက်၊ အေးချမ်းမှု၊ ပျော်ရွှင်မှုတွေနဲ့အတူ ကျွန်တော် ချမှတ်ခဲ့တာပါ'' လို့ အယ်လ်ဘာက Instagram မှာ Video Post ကတစ်ဆင့် ပြောကြားခဲ့တာပါ။

အယ်လ်ဘာရဲ့ အနားယူမယ့်ကြေညာချက်အတွက် မက်ဆီက '' ကျေးဇူးပါ ယော်ဒီ။ ငါ မင်းကို လွမ်းနေရတော့မှာပါ။ ငါတို့ အတူလုပ်ဆောင်ခဲ့တာတွေ အများကြီးရှိခဲ့တာကြောင့် မင်းမရှိတော့မယ့် ခံစားချက်က နေမထိထိုင်မသာ ဖြစ်နေတော့မှာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ငါ့အတွက် မင်းဖန်တီးပေးခဲ့တာတွေ ဘယ်လောက်တောင် များခဲ့သလဲ။ အခု ဘယ်သူက ငါ့ဆီ ဘောလုံးပေးပို့ တော့မှာလဲ'' လို့ ရေးသားခဲ့ပါတယ်။

ဆွာရက်ဇ်ကတော့ ''ဘယ်လိုပြောရမလဲ ညီကို။ မင်းက ပျော်ရွှင်ဖို့ ခွဲထွက်သွားတာပဲ''လို့ ပြောကြားခဲ့ပြီး နေမာကတော့ ''မင်းက ကြီးကျယ်ခမ်းနားတဲ့သူပါ။ နှုတ်ဆက်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။

Most Read

Most Recent