နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ခုနှစ်လကြာကျင်းပြုလုပ်သွားမည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် တောင်တော်ဖွင့်ပွဲအခမ်းအနားအား အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
အောက်တိုဘာ ၆ ရက် တနင်္လာနေ့ နံနက်အစောပိုင်းအချိန်မှစတင်ကာ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် တောင်တော်ဖွင့်ပွဲအခမ်းအနားအား အစဉ်အလာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်းမှာ ဘုရားဖူးတွေ သွားရေးလာရေးအတွက်ကို ကျိုက်ထီးရိုးတောင်ခြေမှရှိတဲ့ ကင်မွန်းစခန်းကပြီး တောင်တော်ပေါ်မှာရှိတဲ့ ရင်ပြင်တော်စခန်းအထိကို တောင်တက်မော်တော်ယာဉ်အသင်းက မော်တော်ယာဉ် ၁၅၂ စီးကိုလည်း ယာဉ်ကြံ့ခိုင်ရေးအတွင်း သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စစ်ဆေးမှုလုပ်ဆောင်ထားပြီးဖြစ်ပါတယ်။ ဒီနေ့ အောက်တိုဘာ ၁ ရက်ကစလို့ တောင်တက်ကားတွေ စတင်ပြေးဆွဲပေးနေပါပြီး” ဟု ပြောကြားသည်။
ထို့အပြင် ဘုရားဖူးများတည်းခိုနိုင်ရေးအတွက် ဟိုတည်များ၊ တည်းခိုခန်းများ၊ အခပေးအဆောင်များနှင့် အခမဲ့တည်းခိုဆောင်များကိုလည်း ပြင်ဆင်ထားပြီးဖြစ်ကြောင်းနှင့် ဘုရားဖူးများ စာရေးသောက်ရေးကိစ္စအတွက်ကိုလည်း ထမင်းဆိုင်များ၊ စားသောက်ဆိုင်များကိုလည်း ပြင်ဆင်ထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အဲ့ဒီအပြင်ကို ဘုရားဖူးတွေ ကျန်းမာရေးကိစ္စနဲ့ပတ်သက်လို့လည်း ရင်ပြင်တော်စခန်းမှာ ဆေးပေးခန်းဖွင့်လှစ်ပေးထားပါတယ်။ လုံခြုံရေးအတွက်ကိုလည်း ကင်မွန်းစခန်းကနေ ရင်ပြင်တော်စခန်းအထိကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက ဘုရားဖူးတွေ မလိုလားအပ်တဲ့ အဖြစ်အပျက်တွေ မဖြစ်ရလေအောင်၊ ဘေးကင်းလုံခြုံစွာ ဘုရားဖူးမျှော်နိုင်ရေးအတွက်ကိုလည်း စီမံဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်အတွက်ကို ကြိုတင်ပြင်ဆင်မှုတွေအားလုံး လုပ်ဆောင်ထားပြီးဖြစ်ပါတယ်” ဟု ဦးစိုးလှ က ပြောကြားသည်။
ယမန်နှစ်က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ဘုရားဖူးများ၊ ခရီးသွားများ အများအပြားပြန်လည်ဝင်ရောက်လာကြသည့်အတွက်ကြောင့် ယင်းဒေသအတွင်းရှိ တည်းခိုဆောင်လုပ်ငန်း၊ စားသောက်ဆိုင်နှင့် အခြားဆက်စပ်လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
“ကိုဗစ်ကာလနောက်ပိုင်း ပြီးခဲ့တဲ့ ဘုရားပွဲတော်ကာလမှာ အထူးသဖြင့်တော့ ကျောင်းပိတ်ရက်တွေ၊ အများပြည်သူအလုပ်ပိတ်ရက်တွေမှာဆိုရင် ဘုရားဖူးတွေ တော်တော်ကြီး ပြန်ဝင်လာကြတယ်။ အဲ့ဒီအတွက်ကြောင့်လည်း ဒေသခံတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်လည်ကောင်းမွန်လာကြတာမျိုးရှိပါတယ်” ဟု ကျိုက်ထီးရိုးဒေသခံတစ်ဦးက ပြောကြားသည်။
(၂၀၂၃ - ၂၀၂၄) ခုနှစ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရာဖူး၊ ခရီးသွား (၇၂၀၀၀၀) ကျော်သာ လာရောက်ခဲ့ကြသော်လည်း၊ ပြီးခဲ့သည့် (၂၀၂၄ - ၂၀၂၅) ခုနှစ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ခရီးသွား (၁၁.၆) သိန်းကျော်လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
နှစ်စဉ် သီတင်းကျွတ်လပြည်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ ပုံမှန်ကာလများက နှစ်စဉ် ဘုရားဖူး (၃) သန်းခန့်လာရောက်လေ့ရှိကြောင်းလည်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
Photo - ဂေါပကအဖွဲ့ရုံး















