စက်တင်ဘာ ၂၈ ရက် ညပိုင်းက အီကွေဒေါသမ္မတ ဒန်နီယယ်နိုဘိုအာ ဦးဆောင်လာသည့် လူသားချင်းစာနာထောက်ပံ့ရေးယာဉ်တန်း ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၁၇ ဦးကို ဓားစာခံလုပ် ပြန်ပေးဆွဲသွားသည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့သည်။
အဆိုပါယာဉ်တန်းတွင် ကုလသမဂ္ဂနှင့် ဥရောပသံတမန်များလည်း လိုက်ပါလာကြပြီး နိုင်ငံတစ်ဝန်း သပိတ်ကာလအတွင်း ဘေးသင့်အရပ်များသို့ အကူအညီများ သွားရောက်ပေးပို့စဉ် လူပေါင်း ၃၅၀ နီးပါးက ဓာတ်ဆီပုလင်းဗုံးများဖြင့် ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အင်ဘာဘူရာပြည်နယ်ရှိ ကိုတာကာချီမြို့လေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြန်ပေးဆွဲသွားသည့် စစ်သား ၁၇ ဦးရှိသည့်နေရာကို မသိရသေးဟု အစိုးရပြောခွင့်ရ ဟာရာမီယိုက ပြောသည်။
လောင်စာဆီဈေး အလွန်မြင့်တက်နေမှုကြောင့် နိုင်ငံတစ်ဝန်း ဆူပူနေပြီး လောင်စာဆီထောက်ပံ့ကြေးများ လျှော့ချလိုက်မှုအတွက် အီကွေဒေါနိုင်ငံ၏ အကြီးဆုံး ဌာနေတိုင်းရင်းသားအခွင့်အရေးအဖွဲ့ (Conaie) က သပိတ်ကို ဦးဆောင်နေခြင်းဖြစ်ကာ ဆန္ဒပြမှုများအတွင်း တိုင်းရင်းသားတစ်ဦး ပစ်သတ်ခံရမှုအတွက် တရားမျှတမှုနှင့် အလျော်အစား ပြန်လိုချင်သည်ဟု ၎င်းအဖွဲ့က တောင်းဆိုနေသည်။ အစိုးရရှေ့နေရုံးကလည်း စစ်ဆေးပေးမည်ဟု တုံ့ပြန်ထားသည်။
တိုက်ခိုက်ခံရပြီးနောက် X လူမှုကွန်ရက်တွင် သမ္မတနိုဘိုအာက ၎င်းယာဉ်တန်းတွင်ပါသည့် ကားများ၏ လေကာမှန်နှင့် ပြတင်းပေါက်မှန်များ ပျက်စီးသွားပုံကို ဓာတ်ပုံများ တင်ခဲ့သည်။ "သူတို့က နိုင်ငံတိုးတက်မှုကို ဆန့်ကျင်ပြီး အကြမ်းဖက်မှုကို ရွေးချယ်လိုက်တာပဲ။ နိုင်ငံကို နောက်ပြန်ဆွဲဖို့တော့ မဖြစ်နိုင်ဘူး"ဟုလည်း သမ္မတက ပို့စ်တွင် ရေးသားခဲ့သည်။
သမ္မတအဆိုအရ ၎င်းနှင့်အတူ အီတလီသံအမတ်နှင့် ဗာတီကန်ထိပ်ပိုင်းသံတမန်တစ်ဦး၊ ယူအန်နှင့်အီးယူ ကိုယ်စားလှယ်များလည်း လိုက်ပါလာကြသည်။
တိုက်ခိုက်မှုအတွင်း စစ်သား ၁၂ ဦး ဒဏ်ရာရခဲ့သည်ဟုလည်း အီကွေဒေါစစ်တပ်က ထုတ်ပြန်ခဲ့ပြီး ချုံခိုတိုက်ခိုက်သူများကို အကြမ်းဖက်အဖွဲ့ဟု ခေါ်ဝေါ်ခဲ့သည်။ "ခုလိုလုပ်ရပ်တွေက ဒီအတိုင်းပြီးသွားမှာ မဟုတ်ဘူး"ဟုလည်း စစ်တပ်က သတိပေးခဲ့သည်။
အစိုးရပြောခွင့်ရသူကလည်း ချုံခိုတိုက်ခိုက်သူများက အီကွေဒေါလူထုကို ကိုယ်စားမပြု၊ ရာဇဝတ်သားများသာဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
နိုင်ငံတစ်ဝန်း တည်ငြိမ်မှုရှိစေရန် သမ္မတနိုဘိုအာက စက်တင်ဘာ ၁၆ ရက်တွင် အီကွေဒေါပြည်နယ် ၂၄ ခုအနက် ရှစ်ခု၌ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်သည်။ ထိုပြည်နယ်ရှစ်ခုထဲကမှ ငါးခုတွင် ညမထွက်ရအမိန့်ပါ ကြေညာထားသည်။
ဆန္ဒပြမှုများကို နောက်ကွယ်မှ ကြိုးကိုင်နေသူက ဗင်နီဇွဲလားလူဆိုးဂိုဏ်း Tren de Aragua ဟု အီကွေဒေါသမ္မတက ပြောနေပြီး ဥပဒေချိုးဖောက်သည့် ဆန္ဒပြသူများကို အကြမ်းဖက်မှုဖြင့် တရားစွဲကာ အနှစ် ၃၀ ထောင်ထဲနေသွားရမည်ဟု သတိပေးခဲ့သည်။
အီကွေဒေါ ဌာနေတိုင်းရင်းသားအခွင့်အရေးအဖွဲ့ (Conaie) သည် ၁၉၉၇ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အတွင်း သမ္မတသုံးဆက်ကို ဖြုတ်ချပစ်ခဲ့သည့် ဆန္ဒပြမှုများကို ဦးဆောင်လာသည့်အဖွဲ့ဖြစ်သည်။
နောက်ဆုံးထုတ်ပြန်သည့် လူဦးရေစာရင်းအရ အီကွေဒေါနိုင်ငံ လူဦးရေ ၁၈ သန်းကျော်၏ ရှစ်ရာခိုင်နှုန်းနီးပါးက ဌာနေတိုင်းရင်းသားများဖြစ်သည်။
Ref & Photos: BBC














