■ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ်အတွင်း နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

■ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ်အတွင်း နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး
Published 16 September 2025

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်ဖာဖွန်မြို့နယ်အတွင်း နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃ ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရပြန်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

စက်တင်ဘာလ ၁၅ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီအချိန်ခန့်က ထိုင်းအာဏာပိုင်များမှ ထောင်ဖာဖွန်မြို့နယ် တာခနွန်တိုက်နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၏ ကျောင်းဝန်းအတွင်း မသင်္ကာဖွယ်ရာ မော်တော်ယာဉ် လေးစီး ကားမီးပိတ်ကာ ရပ်တန့်ထားပြီး ထိုမော်တော်ယာဉ်များပေါ်သို့ လူများတက်ရောက်နေကြသည့်ကို တွေ့ရှိရ၍ သွားရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြသည်။

ထိုသို့ ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ လုပ်ဆောင်ရန် သွားရောက်စဉ် ယာဉ်မောင်းတစ်ဦးမှ မော်တော်ယာဉ်တစ်စီးအား မောင်းနှင်ထွက်ပြေးသွားပြီး ယင်းမော်တော်ယာဉ်ပေါ် နောက်ထပ် ယာဉ်မောင်းနှစ်ဦးမှာလည်း ခုန်တက်ကာ ထွက်ပြေးသွားကြောင်းနှင့် ကျန် ယာဉ်မောင်းတစ်ဦးမှာလည်း အနီးရှိ တောစပ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ထိုင်းသတင်းများက ဖော်ပြထားကြသည်။

ကျန်ရှိနေသည့် မော်တော်ယာဉ်စီးအား ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ယာဉ်များပေါ်တွင် ကြပ်ညှပ်စွာ နေနေကြရသည့် အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃ ဦးအား တွေ့ရှိခဲ့ရပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများမှာ မြန်မာနိုင်ငံအနှံ့အပြားမှဖြစ်ကြောင်းနှင့် ၎င်းတို့မှာ ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာကြပြီး ကန်ချနဘူရီမြို့နယ်အတွင်းရှိ ချိန်းဆိုထားသည့်နေရာသို့ သွားရောက်ရန်အတွက် မော်တော်ယာဉ်များနှင့် ထွက်ခွာရန် လုပ်ဆောင်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းကို စစ်ဆေးပေါ်ပေါက်ထားကြောင်းလည်း သိရသည်။

၎င်းတို့မှာ ခရီးအကွာအဝေးအပေါ်မူတည်၍ ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၅၀၀၀ မှ ဘတ် ၂၀၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်းလည်း ထိုင်းအာဏာပိုင်များထံ ထွက်ဆိုချက်ပေးထားကြသည်။

ထိုင်းအာဏာပိုင်များမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသည့် အထောက်အထားမဲ့မြန်မာနိုင်ငံသားများအား ထောင်ဖာဖွန်မြို့နယ် ရဲစခန်းသို့ ပို့ဆောင်ထားကြောင်းနှင့် ထိုင်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားဖြစ်ကြောင်း၊ သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းရမိသည့် မော်တော်ယာဉ်ပိုင်ရှင်များကိုလည်း ဖော်ထုတ်ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများ၏ ဖော်ပြချက်များအရ သိရသည်။

ဘိုဘိုမြင့်

Photo Credit - Thai News

 

Most Read

Most Recent