■ အမ်ဘာနီ၏ သား ဦးစီးနေသည့် တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးစင်တာတွင်  မမှန်မကန်လုပ်ရပ်များမရှိဟု အိန္ဒိယတရားရုံးချုပ် ဆုံးဖြတ် 

■ အမ်ဘာနီ၏ သား ဦးစီးနေသည့် တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးစင်တာတွင်  မမှန်မကန်လုပ်ရပ်များမရှိဟု အိန္ဒိယတရားရုံးချုပ် ဆုံးဖြတ် 
Published 16 September 2025

အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလျံနာ မူကက်ရှ် အမ်ဘာနီတို့မိသားစု လုပ်ကိုင်နေသော ပရဟိတလုပ်ငန်းများမှ တစ်ခုအပါအဝင်ဖြစ်သည့်  တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးစင်တာတွင်  တိရစ္ဆာန်များကို တရားမဝင်ဝယ်ယူမှု၊  ညှဉ်းပန်းနှိပ်စက်မှုများရှိနေသည်ဆိုသည့် စွပ်စွဲချက်များကို စစ်ဆေးခဲ့ပြီးဖြစ်ရာ ယင်းသို့လုပ်ရပ်များ ကင်းရှင်းကြောင်း အိန္ဒိယတရားရုံးချုပ်က စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။

Vantara တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးစင်တာတွင်  ယင်းသို့မမှန်မကန်လုပ်ဆောင်ခြင်းများရှိနေကြောင်း တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များက တိုင်ကြားခဲ့သဖြင့် အိန္ဒိယတရားရုံးချုပ်က ဩဂုတ်တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို တာဝန်ပေးခဲ့သည်။ သို့သော် သက်သေများက မခိုင်လုံကြောင်း တရားရုံးချုပ်က ပြောသည်။

Vantara က အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် တည်ရှိကာ မူကက်ရှ်အမ်ဘာနီ၏ သား အာနန့်အမ်ဘာနီက ဦးဆောင်နေသည်။ မျိုးစိတ်ပေါင်း ၂,၀၀၀ ကျော်၊ တိရစ္ဆာန်အကောင်ရေ ၁၅၀,၀၀၀ ကျော်ကို  လက်ခံထားပြီး ၉၉၈ ဧကကျယ်ဝန်းသည့်  ဆင်စောင့်ရှောက်ရေးစင်တာက ဆင်များအတွက် ကမ္ဘာ့အကြီးဆုံး စောင့်ရှောက်ရေးနေရာဟု ကြေညာထားသည်။ 

တရားရုံးချုပ်၏ ကြေညာချက်တွင် တိရစ္ဆာန်ဝယ်ယူမှု၊ မှောင်ခိုလုပ်မှု၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိမရှိ၊ ငွေကြေးဆိုင်ရာမသမာမှုများရှိ မရှိ စသည်တို့ကို စစ်ဆေးခဲ့ရာ စည်းကမ်းချိုးဖောက်မှုများ မတွေ့ရဟု ဆိုသည်။

Ref: Reuters 

Photos: AP & Daily Mail

 

Most Read

Most Recent