■ နီပေါတွင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း သေဆုံးမှုများကို စုံစမ်းစစ်ဆေးရန်နှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

■ နီပေါတွင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း သေဆုံးမှုများကို စုံစမ်းစစ်ဆေးရန်နှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
Published 10 September 2025

နီပေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လူ ၂၀ ကျော် သေဆုံးခဲ့သည့်ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန်နှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

"ကျွန်တော်က နီပေါနိုင်ငံရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ ပြီးတော့ သေဆုံးသူတွေအတွက် အရမ်းဝမ်နည်းမိပါတယ်။ စေ့စပ်သေချာတဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့၊ အကြမ်းဖက်မှုတွေကို မြင့်တက်လာစေမယ့် အခြေအနေတွေကို ရှောင်လွှဲဖို့အတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့၊ ထိရောက်ပြီး လက်တွေ့ကျတဲ့ နည်းလမ်းကို ရှာဖွေဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်" ဟု ဂူတာရက်စ်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

နီပေါအာဏာပိုင်များအနေဖြင့် လူ့အခွင့်အရေးဥပဒေကို လိုက်နာရန်နှင့် ဆန္ဒပြမှုများသည် ငြိမ်းချမ်းသည့် ပုံစံဖြင့် ပြုလုပ်ရမည်ဖြစ်ပြီး အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်များကို လေးစားရမည်ဖြစ်ကြောင်းလည်း ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။

နီပေါတွင် နှစ်ရက်ကြာ ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် စက်တင်ဘာ ၉ ရက်ညပိုင်းတွင် နီပေါစစ်တပ်က အခြေအနေကို ထိန်းချုပ်ခဲ့သည်။

စက်တင်ဘာ ၉ ရက်တွင် နီပေါဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ ရာထူးမှ နုတ်ထွက်သွားပြီးနောက် နီပေါသမ္မတ ရမ်ချန်ဒရာ ပေါ်ဒဲလ်က အစိုးရအဖွဲ့သစ်ဖွဲ့စည်းရန် လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်ရန်ပြင်ဆင်နေသည်။

Ref: Anadolu Agency

 

Most Read

Most Recent