■ အစ္စရေးကို လက်နက်ကုန်သွယ်မှု တားမြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ကြေညာ

■ အစ္စရေးကို လက်နက်ကုန်သွယ်မှု တားမြစ်ကြောင်း စပိန်ဝန်ကြီးချုပ် ကြေညာ
Published 9 September 2025

ဂါဇာစစ်ပွဲနှင့် ပတ်သက်ပြီး လက်နက်ကုန်သွယ်မှု တားမြစ်မိန့် အပါအဝင် အစ္စရေးကို အရေးယူသွားမည့် အစီအမံအချို့ကို စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်က စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

မစ္စတာ ဆန်းချက်ဇ်က "နိုင်ငံကို ကာကွယ်တာနဲ့ ဆေးရုံတွေကို ဗုံးကြဲတာ ၊ အပြစ်မဲ့ကလေးသူငယ်တွေကို ဆာလောင်ငတ်မွတ်စေတာတို့က မတူပါ" ဟု ၎င်း၏ ထုတ်ပြန်ချက်တွင် ထည့်ပြောသွားသည်။

“ဒါဟာ  အရပ်သားလူထုအပေါ် လက်သင့်မခံနိုင်တဲ့ တိုက်ခိုက်မှုပါ။ လူခြောက်သောင်း သေခဲ့ပြီးပြီ။ လူနှစ်သန်း စစ်ဘေးရှောင်ရတယ်။ တစ်ဝက်လောက်က ကလေးတွေ။ ဒါဟာ ကိုယ့်ကိုယ့်ကိုယ် ကာကွယ်တာ မဟုတ်တော့ဘူး”ဟု စပိန်ဝန်ကြီးချုပ်က ဆိုသည်။

လက်နက်ကုန်သွယ်မှုကို တားမြစ်ခြင်းအပြင် စပိန်ဘက်က အစ္စရေးစစ်တပ်အတွက် လောင်စာဆီတင်ဆောင်သည့် သင်္ဘောများကိုလည်း စပိန်ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့် တားမြစ်ခြင်း ၊ ကာကွယ်ရေးစစ်လက်နက်များ တင်ဆောင်သည့် လေယာဉ်များကို လေပိုင်နက်အသုံးပြုခွင့် တားမြစ်ခြင်း၊ ဂါဇာရှိ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသူများအား ပြည်ဝင်ခွင့်တားမြစ်ခြင်းတို့ပါ လုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းတားမြစ်ချက်က အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနှင့် အစ္စရေးအစိုးရအဖွဲ့ဝင်များကိုပါ သက်ရောက်မှုရှိနိုင်သည်။

စစ်ရာဇဝတ်မှုများအတွက် နေတန်ရာဟုနှင့် အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဂဲလန့်တို့ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားသော်လည်း ထိုထုတ်ပြန်ချက်ကို ဥရောပနိုင်ငံ့ခေါင်းဆောင်အချို့က လိုက်လျောခြင်းမရှိဘဲ အစ္စရေး၏ အဓိကမဟာမိတ် အမေရိကန်က ICC ရှေ့နေကာရင်ခန်ကိုပင် ပိတ်ဆို့အရေးယူထားသေးသည်။

အနောက်ဘက်ကမ်းဒေသရှိ အစ္စရေးအခြေချနေထိုင်မှုများမှ တင်ပို့သည့်အရာများကိုလည်း စပိန်နိုင်ငံက တားမြစ်သွားမည်ဖြစ်ပြီး ပါလက်စတိုင်းဒုက္ခသည်များကို ကူညီပေးနေသည့် ကုလသမဂ္ဂအေဂျင်စီ UNRWA အား ယူရို ၁၀ သန်း ထပ်မံထောက်ပံ့သွားမည်ဟု ဝန်ကြီးချုပ်ဆန်းချက်ဇ်က ကြေညာလိုက်သည်။

အစ္စရေးဘက်ကလည်း စပိန်ဝန်ကြီးချုပ်၏ စီမံချက်များက ဂျူးဆန့်ကျင်ရေး၊ အစ္စရေးဆန့်ကျင်ရေးလမ်းစဉ်ကို ဦးတည်နေသည်ဟု ရှုတ်ချကာ  စပိန်ဝန်ကြီးနှစ်ဦးကို ပြည်ဝင်ခွင့်ပိတ်မည်ဟု တုံ့ပြန်အသိပေးထားသည်။ စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေး၏ တုံ့ပြန်ပြောဆိုချက်များကို ပြန်ငြင်းထားပြီး အစ္စရေးရှိ ၎င်းတို့သံအမတ်ကို ဆင့်ခေါ်ထားသည်။

အစ္စရေး၏ ဂါဇာစစ်ဆင်ရေးကို အပြင်းထန်ဆုံးဝေဖန်ခဲ့သည့် ဥရောပနိုင်ငံများထဲ စပိန်နိုင်ငံလည်း ပါဝင်သည်။ ၂၀၂၄ ခုနှစ် မေတွင် အိုင်ယာလန်၊ နော်ဝေး၊ စပိန်နိုင်ငံတို့က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြု ကြေညာခဲ့သည်။

 ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံအနက် လက်ရှိတွင် ၁၄၇ နိုင်ငံက ပါလက်စတိုင်းကို ထောက်ခံကြသည်။ ကုလသမဂ္ဂတွင် ပါလက်စတိုင်းက အဖွဲ့ဝင်နိုင်ငံမဖြစ်သေးဘဲ လေ့လာအကဲခတ်သူအဆင့်၌သာ ရှိသည်။  

ဂါဇာအပစ်အခတ်ရပ်စဲရေးနှင့် နှစ်ပြည်ထောင်ဝါဒ အသက်သွင်းရေးတို့ကို သဘောတူမှု အပါအဝင် သတ်မှတ်ချက်အချို့ကို အစ္စရေးဘက်က မလိုက်လျောပါက စက်တင်ဘာတွင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ကြေညာထားသည်။ ဩစတြေးလျ ၊ ပြင်သစ်၊ ဂျပန်၊ ကနေဒါတို့ကလည်း အလားတူကြေညာထားကြသည်။

အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဟက်ကာဘီကမူ ပါလက်စတိုင်းကို အသိအမှတ်ပြုလိုက်မည်ဆိုပါက အကျိုးဆက်က ကောင်းမည်မဟုတ်ဟု ဘီဘီစီကိုပြောသည်။ 

SOURCE: AL JAZEERA

AFP: Photo

 

Most Read

Most Recent