■ ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရသည့် အနူတင်က ရွေးကောက်ပွဲအသစ် ပြုလုပ်မည့်အချိန်အထိ အစိုးရအဖွဲ့ကို  ဦးဆောင်သွားမည်ဟု ပြောကြား

■ ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရသည့် အနူတင်က ရွေးကောက်ပွဲအသစ် ပြုလုပ်မည့်အချိန်အထိ အစိုးရအဖွဲ့ကို  ဦးဆောင်သွားမည်ဟု ပြောကြား
Published 6 September 2025

ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရသည့် အနူတင် ချန်ဗီရာကူလ်က ၎င်း၏ ကတိစကားအတိုင်း ကျိုးပျက်လွယ်သည့် ယာယီအစိုးရအဖွဲ့ကို ရွေးကောက်ပွဲအသစ် ပြုလုပ်မည့်အချိန်အထိ ဦးဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်သူဌေးကြီးဖြစ်သည့် အနူတင်ကို စက်တင်ဘာ ၅ ရက်တွင် လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ခဲ့ပြီး ယခင်ဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ၎င်း၏ လစ်လပ်နေသည့် နေရာအတွက် သီတင်းတစ်ပတ်ကြာ အာဏာလေဟာနယ်သည် အဆုံးသတ်သွားခဲ့သည်။

ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သည့် အနူတင်သည် ပေတုန်တန်၏ ဖြူထိုင်းပါတီကို ကျော်လွှားနိုင်ရန်အတွက် အတိုက်အခံအင်အားစုများ၏ ထောက်ခံမှုကို ရယူခဲ့ရခြင်းဖြစ်သည်။

အနူတင်သည် လွှတ်တော်တွင်း နေရာအများဆုံးရရှိထားသည့် ပြည်သူ့ပါတီ၏ ထောက်ခံမှုကို ရရှိခဲ့ခြင်းဖြစ်သည်။ 

သူသည် ရွေးကောက်ပွဲအသစ်ပြုလုပ်ရန်အတွက် လေးလအတွင်း လွှတ်တော်ကို ဖျက်သိမ်းရမည်ဆိုသည့် သဘောတူညီချက်ဖြင့် ပြည်သူ့ပါတီ၏ ထောက်ခံမှုကို ရရှိခဲ့ခြင်းဖြစ်သည်။

"သဘောတူညီချက်တွေအကုန်လုံးကို ကျွန်တော်လုပ်ဆောင်သွားမှာပါ။ ကျွန်တော် တာဝန်ထမ်းဆောင်ရမယ့် အချိန်တိုလေးအတွင်းမှာ ကျွန်တော်တို့နိုင်ငံကို 'အပြုံးများရဲ့ နိုင်ငံ' ဆိုတဲ့ အားမာန်ကို ပြန်လည်ယူဆောင်ပေးရပါမယ်" ဟု အနူတင်က ပြောကြားခဲ့သည်။

ထို့ပြင် ဩဂုတ် ၄ ရက်က ထိုင်းနိုင်ငံမှ ဒူဘိုင်းသို့ ဆေးဝါးကုသမှုခံယူရန် ထွက်ခွာသွားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ခရီးစဉ်နှင့်ပတ်သက်ပြီး အနူတင်က ယခုကဲ့သို့ ပြောကြားခဲ့သည်။

"ဦးစားပေးတာတွေ၊ ဖိနှိပ်တာတွေ၊ လက်စားချေတာတွေ ရှိလာမှာမဟုတ်ပါဘူး" ဟု အနူတင်က ပြောကြားခဲ့သည်။

သက်ဆင်သည် ၂၀၂၃ ခုနှစ်က ဒူဘိုင်းမှ ထိုင်းသို့ ပြန်လည်ရောက်ရှိခဲ့ချိန်တွင် အာဏာအလွဲသုံးမှုအပါအဝင် အခြားစွဲချက်များနှင့် ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခံခဲ့ရသော်လည်း ဘုရင်က သက်ဆင်၏ ထောင်ဒဏ်ကို တစ်နှစ်သာ ကျခံရန် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည်။

သို့သော် သက်ဆင်သည် အကျဉ်းထောင်ထဲတွင် တစ်ရက်ပြည့်အောင်ပင် မနေခဲ့ရဘဲ ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့ အထွေထွေဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူခဲ့ရသည်။

ထို့ကြောင့် သက်ဆင်သည် ထိုအချိန်က အမှန်တကယ် ကျန်းမာရေးဆိုးရွားခြင်း ရှိ မရှိကို တရားရုံးချုပ်က စက်တင်ဘာ ၉ ရက်တွင် စီရင်ချက်ချမှတ်မည်ဖြစ်သည်။

အနူတင်သည် ယခင်က လက်ထောက်ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၂၂ ခုနှစ်က ထိုင်းတွင် ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ရစေရန် အားထုတ်ကြိုးပမ်းခဲ့မှုကြောင့် လူသိများထင်ရှားလာခဲ့သည်။

အနူတင်သည် ဝန်ကြီးချုပ်အဖြစ် လွှတ်တော်၏ ရွေးကောက်တင်မြှောက်မှုကို ခံခဲ့ရပြီးနောက် တရားဝင် ဝန်ကြီးချုပ်ဖြစ်လာရန် ထိုင်းဘုရင်၏ အတည်ပြုထောက်ခံချက်ကို လိုအပ်နေဆဲဖြစ်သည်။

Ref: AFP

 

Most Read

Most Recent