■ ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် မြေပြိုမှုကြောင့် လူ ၁၀၀၀ ကျော် သေဆုံး 

■ ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် မြေပြိုမှုကြောင့် လူ ၁၀၀၀ ကျော် သေဆုံး 
Published 2 September 2025

ဆူဒန်နိုင်ငံအနောက်ပိုင်း ဒါဖာဒေသတွင် မြေပြိုမှုကြောင့် ရွာလုံးကျွတ်ပျက်စီးခဲ့ပြီး ခန့်မှန်းခြေ လူ ၁၀၀၀ ကျော် သေဆုံးသွားသည်ဟု ယင်းဒေသကို ထိန်းချုပ်ထားသည့် လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်သည်။

ဒါဖာဒေသ၏ မာရာတောင်တန်းအရပ်တွင် ဆက်တိုက်မိုးကြီးခဲ့ပြီးနောက် ဩဂုတ် ၃၁ ရက်တွင် မြေပြိုမှုဖြစ်ပွားခဲ့ကာ ဖြစ်စဉ်ကို ဆူဒန်လွတ်မြောက်ရေးတပ်က စက်တင်ဘာ ၁ ရက်နှောင်းပိုင်းမှ ထုတ်ပြန်ခဲ့သည်။ 

၎င်းတို့ ထုတ်ပြန်ချက်တွင် “ကနဦးစစ်ဆေးချက်တွေအရ သေဆုံးတဲ့ရွာသူရွာသားဦးရေက ခန့်မှန်းခြေ ၁၀၀၀ ကျော်ရှိတယ်။ တစ်ဦးပဲ အသက်ရှင်ကျန်ခဲ့တယ်” ဟုဆိုသည်။ ကလေးများလည်း အပါအဝင် ရုပ်အလောင်းများကို ပြန်လည်ရှာဖွေရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာကူညီရေးအသင်းအဖွဲ့များကို ၎င်းလက်နက်ကိုင်တပ်က အကူအညီတောင်းထားသည်။

သုံးနှစ်ထဲဝင်လာပြီဖြစ်သည့် ဆူဒန်ပြည်တွင်းစစ်ကြောင့် ကမ္ဘာ့အဆိုးဆုံး လူသားချင်းစာနာမှုအကျပ်အတည်းနှင့် နိုင်ငံရင်ဆိုင်နေရချိန် ဒါဖာတွင်လည်း အငတ်ဘေးဆိုက်နေချိန် ယခုသဘာဝဘေးအန္တရာယ်နှင့် ထပ်ကြုံရခြင်းဖြစ်သည်။

ဆူဒန်လွတ်မြောက်ရေးတပ်က ဆူဒန်စစ်တပ်နှင့်အတူ RSF လက်နက်ကိုင်အဖွဲ့ကို တွန်းလှန်နေခြင်းဖြစ်ပြီး စစ်တပ်က မတ်လတွင် မြို့တော်ခါတွမ်ကို RSF လက်မှ သိမ်းယူလိုက်ပြီးနောက် ဒါဖာတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။ 

REF: AL JAZEERA

Photos: Sky News

 

Most Read

Most Recent