■ ကိုဗစ်ကာကွယ်ဆေး၏ အောင်မြင်မှုများအား လူထုထံ အမြန်ဆုံးချပြရန် ဆေးကုမ္ပဏီများကို ဒေါ်နယ်ထရန့် တောင်းဆို

■ ကိုဗစ်ကာကွယ်ဆေး၏ အောင်မြင်မှုများအား လူထုထံ အမြန်ဆုံးချပြရန် ဆေးကုမ္ပဏီများကို ဒေါ်နယ်ထရန့် တောင်းဆို
Published 2 September 2025

ကိုဗစ်ကာကွယ်ဆေး အောင်မြင်ခဲ့မှုများ၏ ဒေတာအချက်အလက်များအား လူထုရှေ့အမြန်ဆုံးချပြရန် ဆေးကုမ္ပဏီများကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တောင်းဆိုလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်က  အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးစင်တာ CDC ၏ ညွှန်ကြားရေးမှူးတာဝန်ကို တစ်လသာယူရသေးသည့် ဆူဆန် မနားရတ်ဇ်ကို တာဝန်မှ ရပ်စဲလိုက်ပြီးနောက် စက်တင်ဘာ  ၁ ရက်တွင် ထရန့်က Truth Social လူမှုကွန်ရက်၌ ယင်းသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

 ကာကွယ်ဆေးကို အယုံအကြည်မရှိသူ ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ်ကနေဒီ ဂျူနီယာနှင့် မနားရတ်ဇ်တို့ ကာကွယ်ဆေးကိစ္စ အမြင်ကွဲလွဲကြရာမှ ထုတ်ပယ်ခံရလိုက်ရခြင်းဖြစ်သည်။ လက်ရှိ CDC ၏ ယာယီညွှန်ကြားရေးမှူးနေရာတွင် ကျန်းမာရေးဝန်ကြီး၏ လက်ထောက်တစ်ဦးက တာဝန်ယူထားသည်။

ဆူဆန်မနားရတ်ဇ်အပြင် CDC ၏ ထိပ်ပိုင်းအရာရှိ သုံးဦးကပါ ကျန်းမာရေးဝန်ကြီး၏ ဦးဆောင်မှုကို ဆန့်ကျင်သည့်အနေဖြင့် နုတ်ထွက်လိုက်ကြသည်။

လူမှုကွန်ရက်ပို့စ်တွင် ထရန့်က “ ဆေးကုမ္ပဏီတွေဘက်က သူတို့ရဲ့ ကိုဗစ်ဆေးတွေ အောင်မြင်မှုနဲ့ ပတ်သက်လို့ ရှင်းပြဖို့ အရမ်းအရေးကြီးပါတယ်။ အဲဒီဆေးတွေက လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်လိုက်တဲ့ အံ့ဖွယ်ဆိုပြီး အများစုက ထင်နေကြတာ။ တစ်ချို့ကလည်း အဲဒါကိုသဘောမတူဘူး။ CDC ကလည်း ဒီကိစ္စမှာ အမြင်ကွဲနေတယ်။ အဖြေလိုချင်တယ်။ ချက်ချင်းလိုချင်တယ်” ဟု ရေးသားခဲ့သည်။

ဆက်လက်ပြီး ထရန့်က ကိုဗစ်ကာကွယ်ဆေးများ၏ ရလာဒ်ကောင်းများကို ဖော်ပြသည့် ဖိုင်ဇာဆေးကုမ္ပဏီ၏ အံ့မခန်းအချက်အလက်များကို ၎င်းအား ပြသခဲ့သော်လည်း ထိုအချက်အလက်များကို လူထုအား မည်သည့်အတွက်ကြောင့် ချမပြသလဲဟု မေးခွန်းထုတ်ခဲ့သည်။

“ဘာလို့လူထုကို ထုတ်မပြတာလဲ။ ကနေဒီနဲ့ CDC အပါအဝင်  အားလုံးက အမြင်တွေ ကွဲနေတာ။ ကိုဗစ်ဆေးတွေက အောင်မြင်တာလား  မအောင်မြင်တာလားဆိုတာကို အဖြေရှာနေကြတာ” ဟု ထရန့်က ဆိုသည်။

၂၀၂၀ ခုနှစ် ပထမအကြိမ် ထရန့်အစိုးရလက်ထက်တွင် ကိုဗစ်ကပ်ရောဂါကို တွန်းလှန်ရန်  ကာကွယ်ဆေးအမြန်ထွက်ပေါ်လာရေး ရည်ရွယ်ချက်ဖြင့် Operation Warp Speed စီမံချက်ကို စတင်ခဲ့သည်။ ကာကွယ်ဆေးက ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၁ ခုနှစ်တွင် ထွက်လာခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ်မှာကတည်းက မိုဒါးနား၊ ဖိုင်ဇာ၊ Johnson & Johnson တို့မှထုတ်သည့် ကိုဗစ်ကာကွယ်ဆေးများက ၎င်းတို့ကို ထိုးပြီးသည့်တိုင်အောင် လူအချို့ ဗိုင်းရပ်ထပ်ကူးစက်ခံရမှုကြောင့် ဝေဖန်ခံခဲ့ရသည်။

နယူးယောက်တိုင်းမ်စ်ဖော်ပြချက်အရ  CDC အကြီးအကဲဟောင်း ကိုးဦးက ကျန်းမာရေးဝန်ကြီး ကနေဒီ၏ လက်ရှိဆောင်ရွက်ချက်များအပေါ် မကျေမနပ်ဖြစ်နေကာ အမေရိကန်လူထု၏ ကျန်းမာရေးကို ကနေဒီက ဒုက္ခပေးနေသည်၊ ၎င်း၏ ဆုံးဖြတ်ချက်များကြောင့် များစွာသော အကျိုးဆက်များ လူထုအပေါ် ကျရောက်လာမည်ကို စိုးရိမ်သည်ဟု ဝေဖန်ထောက်ပြနေကြသည်။

ကာကွယ်ဆေးကို အားမပေးသူ ကနေဒီ၏ ဝန်ကြီးဌာနက CDC ၊ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ FDA တို့ အပါအဝင် အမေရိကန်ကျန်းမာရေးဌာနအားလုံးကို  ကြီးကြပ်ရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ အမေရိကန် နုတ်ထွက်မည်ဟုလည်း ထရန့်က ဇန်နဝါရီ ၂၀ ရက်ကတည်းက ကြေညာထားပြီး တစ်နှစ်အတွင်း WHO မှ ထွက်မည်ဖြစ်ကာ ထောက်ပံ့မှုအားလုံး ရပ်ဆိုင်းလိုက်မည်။ WHO ကို အများဆုံးထောက်ပံ့နေသည့် နိုင်ငံက အမေရိကန်ဖြစ်ပြီး ထောက်ပံ့မှုအားလုံး၏ ၁၈ ရာခိုင်နှုန်းနီးပါးကို ပေးထားသည်။ 

Ref & Photos : New York Post

 

Most Read

Most Recent