မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ယူကရိန်းစစ်ပွဲအတွင်း ကျဆုံးခဲ့သည့် မြောက်ကိုရီးယားစစ်သားများ၏ ကျန်ရစ်သူမိသားစုများနှင့် တွေ့ဆုံပြီး အားပေးနှစ်သိမ့်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဩဂုတ် ၃၀ ရက်တွင် ဖော်ပြခဲ့သည်။
ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှ ကူညီတိုက်ခိုက်ခဲ့ချိန်အတွင်း ကျဆုံးခဲ့သည့် မြောက်ကိုရီးယားစစ်သားများ၏ ကျန်ရစ်သူမိသားစုများနှင့် ထပ်တူနာကျင်ခံစားရကြောင်း ကင်က ပြောကြားခဲ့သည်ဟု ဆိုသည်။
မြောက်ကိုရီးယားသည် ရုရှားအတွက် ကူညီတိုက်ခိုက်ခဲ့ချိန်အတွင်း ကျဆုံးခဲ့သည့် မြောက်ကိုရီးယားစစ်သားအရေအတွက်အတိအကျကို အတည်ပြုထုတ်ပြန်ခဲ့ခြင်းမရှိဘဲ တောင်ကိုရီးယားကမူ ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား ၆၀၀ ခန့် သေဆုံးခဲ့ကာ ထောင်ချီ ဒဏ်ရာရခဲ့သည်ဟု ခန့်မှန်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် တောင်ကိုရီးယားနှင့် အနောက်နိုင်ငံများမှ ထောက်လှမ်းရေးအေဂျင်စီများကလည်း မြောက်ကိုရီးယားသည် ၂၀၂၄ ခုနှစ်က ရုရှားသို့ မြောက်ကိုရီးယားစစ်သား ၁၀၀၀၀ ကျော် စေလွှတ်ခဲ့ပြီး အများစုကို ယူကရိန်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေသည့် ရုရှား၏ ကာ့စ်ဒေသသို့ စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားသည် ရုရှားကို လက်နက်ကြီးကျည်များ၊ ဒုံးကျည်များနှင့် တာဝေးပစ်ရော့ကတ်စနစ်များ ထောက်ပံ့ပေးခဲ့သည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့သည်။
ဩဂုတ် ၂၉ ရက်က ကင်သည် ယူကရိန်းစစ်ပွဲအတွင်း ကျဆုံးခဲ့သည့် မြောက်ကိုရီးယားစစ်သားများ၏ ကျန်ရစ်သူမိသားစုဝင်များကို မိန့်ခွန်းပြောကြားခဲ့သည်ဟု KCNA က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကင်သည် ယူကရိန်းစစ်ပွဲအတွင်း ကျဆုံးခဲ့သည့် မြောက်ကိုရီးယားစစ်သားများ၏ ကျန်ရစ်သူမိသားစုဝင်အချို့နှင့် တွေ့ဆုံခဲ့ပြီး စစ်သားများကို ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။
"အရင်သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲကို မတက်ရောက်နိုင်ခဲ့တဲ့ အခြားအာဇာနည်တွေရဲ့ မိသားစုဝင်တွေအကြောင်းကိုလည်း ကျွန်တော်အများကြီး တွေးခဲ့ပါတယ်။ အဲဒါကြောင့် ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေအားလုံးရဲ့ ပူဆွေးသောကရောက်နေတဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံပြီး အားပေးနှစ်သိမ့်ချင်လို့ ကျွန်တော်က ဒီနေ့ပွဲကို စီစဉ်ခဲ့တာပါ" ဟု ကင်က ပြောကြားခဲ့သည်။
ကျဆုံးစစ်သည်များ၏ ကျန်ရစ်သူ မိသားစုဝင်များအတွက် ရည်ရွယ်ပြီး လမ်းအသစ်တစ်ခု ဖောက်လုပ်မည်ဖြစ်ကာ ပြုံယမ်းမြို့တော်တွင် ကျဆုံးစစ်သည်များအတွက် အထိမ်းအမှတ်အဆောက်အအုံတစ်ခု ပြုလုပ်သွားမည်ဟုလည်း ကင်က ကတိပြုခဲ့သည်။
ထို့ပြင် ကျဆုံးသွားသည့် စစ်သားများ၏ ကလေးများကိုလည်း အစိုးရက အလုံးစုံ ထောက်ပံ့ပေးသွားမည်ဟု ကင်က ပြောကြားခဲ့သည်။
"ဒီလို ကလေးငယ်တွေကို မြင်လိုက်ရချိန်မှာ ကျွန်တော် အရမ်းရင်နာရပါတယ်။ ကျွန်တော်၊ နိုင်ငံတော်နဲ့ ကျွန်တော်တို့ စစ်တပ်ဟာ အဲဒီကလေးတွေကို အပြည့်အဝတာဝန်ယူသွားမှာဖြစ်ပြီး သူတို့ကို သူတို့ရဲ့ ဖခင်တွေလိုမျိုး ရဲစွမ်းသတ္တိရှိတဲ့ တိုက်ခိုက်ရေးသမားတွေအဖြစ် လေ့ကျင့်ပေးသွားမှာပါ" ဟု ကင်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားကိုကူညီပေးရန် စစ်သားများ စေလွှတ်ခဲ့သည့်အကြောင်းကို ယခုနှစ် ဧပြီလကမှ အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သားများ သေဆုံးခဲ့ကြောင်းကိုလည်း ဝန်ခံခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် ကင်သည် ယူကရိန်းစစ်မြေပြင်မှ ပြန်လာသည့် စစ်သားတစ်ဦးကို ပွေ့ဖက်နေသည့် ဓာတ်ပုံကို KCNA က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ကင်သည် ကျဆုံးစစ်သည်တစ်ဦး၏ ဓာတ်ပုံရှေ့တွင် ဒူးထောက်ပြီး အရိုအသေပေးနေပုံများ၊ ဆုတံဆိပ်များနှင့် ပန်းများကို ကျဆုံးစစ်သည်များ၏ ဓာတ်ပုံများအနီးတွင် ချထားပုံများကိုလည်း KCNA က ထုတ်ပြန်ခဲ့သည်။
Ref:AFP









