တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ ဟွားကျန်းချောက်နက်ကို ဖြတ်၍ ဆောက်လုပ်ထားသည့် ဟွားကျန်းကြိုးတံတားသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးတံတားဖြစ်ပြီး အဓိကနောက်ဆုံးစမ်းသပ်မှုဖြစ်သည့် ဝန်တင်စမ်းသပ်မှုကလည်း ဩဂုတ် ၂၅ ရက်တွင် အပြီးသတ်အောင်မြင်သွားပြီဖြစ်သည်။
ဩဂုတ် ၂၁ ရက်မှစတင်ကာ ဝန်တင်စမ်းသပ်မှုကို ငါးရက်ကြာပြုလုပ်ခဲ့ပြီး စုပေါင်းအလေးချိန် တန်ချိန် ၃၃၀၀ ရှိ ကုန်တင်ယာဉ် ၉၆ စီးကို တံတားပေါ် တင်ကာ တံတား၏ တည်ဆောက်မှုဆိုင်ရာကြံ့ခိုင်မှု ၊ မာကျောမှု၊ ဘေးကင်းရေးစံနှုန်းတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တံတားဆောက်လုပ်မှုကို ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် စတင်ခဲ့ပြီး ပင်မအပိုင်းကို ယခုနှစ်အစောပိုင်းကမှ ပေါင်းဆက်လိုက်ခြင်းဖြစ်သည်။ လာမည့်စက်တင်ဘာနှောင်းပိုင်းတွင် တံတားဖွင့်မည်ဟု ယူဆရသည်။
တံတားအရှည် ၂၈၉၀ မီတာရှိပြီး တောင်တန်းဒေသတွင် ဆောက်ခဲ့သမျှတံတားများထဲတွင် ကမ္ဘာ့အရှည်ဆုံးတံတား၊ မြစ်ရေပြင်အထက် ၆၂၅ မီတာတွင်ရှိသဖြင့် ကမ္ဘာ့အမြင့်ဆုံးတံတားဖြစ်သည်။
ယခင်က ဟွေ့ကျန်းချောက်ကို ဖြတ်သန်းမည်ဆိုပါက နှစ်နာရီခန့်ကြာပြီး တံတားဖွင့်လှစ်ပြီးပါက အချိန်နှစ်မိနစ်သာ ပေးရတော့မည်။
တရုတ်နိုင်ငံတွင် မြေပြန့်မရှိသည့် တစ်ခုတည်းသော ပြည်နယ်မှာ ကွေ့ကျိုးဖြစ်ပြီး လိုဏ်ခေါင်းများ၊ တံတားများကိုသာ အားကိုးသွားလာကြရသည်။ လက်ရှိကွေ့ကျိုးတွင် တံတားအစင်းရေ ၃၀,၀၀၀ ကျော်ရှိပြီး ကမ္ဘာ့အမြင့်ဆုံးတံတားသုံးခု ပါဝင်သည်။ ကွေ့ကျိုးကို ကမ္ဘာ့တံတားပြတိုက်ဟုလည်း တင်စားခေါ်ကြသည်။
Ref & Photos■ Xinhua









