၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ စက်တင်ဘာ ၂ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့်ပုံစံစာအိတ်ကို စက်တင်ဘာ ၂ ရက် (အင်္ဂါနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူကြရန်ဖြစ်ကြောင်း၊ အဆိုပါတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ကို စက်တင်ဘာ ၂ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) ဖော်ပြပါတက္ကသိုလ်များတွင် လက်ခံမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာလက်ခံမည့် တက္ကသိုလ်များမှာ မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်တက္ကသိုလ် စသည်တို့တွင် လက်ခံမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း၊ အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း- ၀၁၇-၅၀၃၁၄၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။















