တရုတ်နှင့် အိန္ဒိယတို့သည် နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန်နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် ဩဂုတ် ၁၉ ရက်က သဘောတူညီခဲ့ကြသည်။
ယင်းသည် ၂၀၂၀ ပြည့်နှစ်က တရုတ်-အိန္ဒိယ နယ်စပ်တွင် နှစ်နိုင်ငံစစ်သားများကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် တင်းမာခဲ့သည့် ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းမှုအဖြစ် ရှုမြင်ခံခဲ့ရသည်။
၂၀၂၀ ပြည့်နှစ်က COVID-19 ကပ်ရောဂါဖြစ်ပွားခဲ့ချိန်ကတည်းက နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲမှုကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ပြေးဆွဲမည့် နေ့ရက်အတိအကျကိုမူ သတ်မှတ်ရခြင်း မရှိသေးပေ။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် အဂျစ် ဒိုဗယ်နှင့် ၂၄ ကြိမ်မြောက် နယ်စပ်ပဋိပက္ခဆွေးနွေးမှုများအတွက် နယူးဒေလီမြို့တော်သို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီးနောက် လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင်နှစ်နိုင်ငံကြား သတ်မှတ်ထားသည့် နယ်စပ်ဂိတ်သုံးခုတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန် ဗီဇာများ လျှောက်ထားမှုကို လွယ်ကူချောမွေ့စေရန် အပါအဝင် ကုန်သွဝ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးတို့ကို တိုးမြှင့်ရန်လည်း သဘောတူခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည်လည်း ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ ပြုလုပ်မည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးကို တက်ရောက်ရန် တရုတ်သို့ သွားရောက်မည်ဖြစ်ပြီး ယင်းသည် ခုနစ်နှစ်အတွင်း မိုဒီ၏ ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။
Ref:AFP









