■ ယာယီတင်သွင်းခွင့်မပြုသည့်ပစ္စည်း ၃၅ မျိုးနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသော ညွှန်ကြားစာသည် ၂၀၂၂ ခုနှစ်က ထုတ်ထားခြင်းဖြစ်ပြီး လတ်တလောတွင် အကျုံးဝင်မှုရှိ၊ မရှိ မသိရသေး

■ ယာယီတင်သွင်းခွင့်မပြုသည့်ပစ္စည်း ၃၅ မျိုးနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသော ညွှန်ကြားစာသည် ၂၀၂၂ ခုနှစ်က ထုတ်ထားခြင်းဖြစ်ပြီး လတ်တလောတွင် အကျုံးဝင်မှုရှိ၊ မရှိ မသိရသေး
Published 14 August 2025

ယာယီတင်သွင်းခွင့်မပြုသည့်ပစ္စည်း ၃၅ မျိုးနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသောညွှန်ကြားစာသည် ၂၀၂၂ ခုနှစ်က ထုတ်ထားခြင်းဖြစ်ပြီး လတ်တလောတွင် အကျုံးဝင်မှုရှိ၊ မရှိမသိရသေးကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“အခုဟာက Update ပြန်ဖြစ်မဖြစ် မသိဘူးဖြစ်နေတာ။ ကော်မတီတွေဖျက်သိမ်းတာ၊ အခုမှ တချို့လည်း ပြန်ဖွဲ့နေပြီ။ အဲဒီစာက တကယ်လို့သာ အရင်တုန်းက ထုတ်ထားရင်တော့ ဖျက်သိမ်းတဲ့အထဲပါတာ ပေါ့။အသစ် ပြန်ထုတ်မှရမှာပေါ့နော်၊ အရင် FESC ဖွဲ့တုန်းက ထုတ်တဲ့စာ၊ FESC ကို ဖျက်လိုက်ပြီ။ အခု FESC ကို အသစ်တော့ပြန်ဖွဲ့ထားပြီ။ အသစ်က ပြန်ထုတ်မှရမှာလေနော်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက  ပြောကြားခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၅ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက အမိန့်၊အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းပေးထားသောကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့များကို ၂၀၂၅ ခုနှစ် သြဂုတ် ၁ ရက်မှစ၍ ဖျက်သိမ်းလိုက်သည့်စာရင်းတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီလည်း ပါဝင်သည်။

သို့သော် “နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ” ကို ၂၀၂၅ ခုနှစ် သြဂုတ် ၆ ရက်စွဲဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက အမိန့်အမှတ်(၂၀/၂၀၂၅)ဖြင့် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေအား ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် “နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ” ကို ဥက္ကဋ္ဌအဖြစ် ဦးညိုစော၊နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးနှင့်အမျိုးသားစီမံကိန်းဝန်ကြီးဌာနက ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါ၀ါမောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အတွင်းရေးမှူးအဖြစ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“FESC ပြန်ဖွဲ့တာက ဟုတ်တယ်။ အဲဒီစာက အရင်တုန်းက FESC က ထုတ်ခဲ့တဲ့စာလေ။ အရင်တုန်းက ဦးညိုစောက ဝန်ကြီးချုပ်အနေနဲ့ ထုတ်ခဲ့တာမဟုတ်ဘူးလေ။ အဲဒါကြောင့် အခုဟာက အကျုံးဝင်မဝင် ကျွန်တော်တို့လည်း မသိပါဘူး” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်အရ ယာယီခွင့်မပြုသည့် ပစ္စည်း ၃၅ မျိုးရှိကြောင်း၊ ဓာတ်လှေကား၊ မီးစက်၊ ဆိုဒီယမ်ဆိုင်ယာနိုက်၊ ဆေး၊ လက်ကိုင်ဖုန်း၊ မီးချောင်းတံဆိပ်ကြွေပြားကပ် ကော်မှုန့်တို့ကို ပင်လယ်ရေကြောင်းမှ ခွင့်ပြုသော်လည်း နယ်စပ်မှ တင်သွင်းခွင့်မပြုကြောင်း ယင်းထုတ်ပြန်ထားသည့်စာအရ သိရသည်။

ခြေညှပ်ဖိနစ်ကို နယ်စပ်မှခွင့်မပြုသော်လည်း ရှူးဖိနပ်ကို ပင်လယ်ရေကြောင်းမှ ခွင့်ပြုကြောင်း၊ အုန်းနို့(စားသောက်ကုန်)၊ ဘတ္ထရီ၊ အမွှေးတိုင်၊ ဖျာ(လူသုံးကုန်ပစ္စည်း)၊ ခေါက်ဆွဲ၊ ကြာဇံ၊ ကားတာယာ (မိမိနိုင်ငံမှ မထုတ်လုပ်သည့်ဆိုဒ်သာ ပင်လယ်ရေကြောင်းမှခွင့်ပြုသည်)၊ ချိုချဉ်(သကြားလုံး)၊ ဘီစကစ်(ကွတ်ကီးကို ပင်လယ်ရေကြောင်းမှ ခွင့်ပြုသည်)၊ ပဲငံပြာရည်၊ ကော်ဖီစေ့၊ကော်ဖီမှုန့်၊ လက်ဖက်ခြောက် (Black Tea၊ Green Tea၊ စီလုံတီး၊ Instant Coffee ကို ပင်လယ်ရေကြောင်းမှ ခွင့်ပြုသည်)၊ ဘူဒိုဇာ၊ လူကြီးဒိုက်ဘာ(ကလေးဒိုက်ဘာကို ပင်လယ်ရေကြောင်းမှ ခွင့်ပြုသည်)၊ သစ်သီးမျိုးစုံ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ငှက်သိုက်၊ တစ်ရှူး၊ အင်ဂျင်ဝိုင်၊ ကြက်အူချောင်း(စားသောက်ကုန်)၊ မီးလုံး၊လျှပ်စစ်စက်ဘီး (E Bike) ၊ မယ်လမင်း (Melamine) ပစ္စည်း၊ အသင့်သောက် နို့၊ ဒိန်ချဉ်၊ ဓါတ်ခဲ၊တာယာ၊ ကျွတ်(ဆိုင်ကယ်၊ စက်ဘီး)၊ ပရုတ်လုံး၊ သံပေပါခွံ၊ ပလတ်စတစ်ခြင်း၊ ပုံး၊ ခွက်၊ ထိုင်း SCG ဆင်တံဆိပ်ဘိလပ် မြေတို့ကို နယ်စပ်နှင့်ပင်လယ်ရေကြောင်းနှစ်ခုလုံးမှ တင်သွင်းခွင့်မပြုကြောင်း ယင်းထုတ်ပြန်ခဲ့သည့်စာအရ  သိရသည်။

Most Read

Most Recent