ဇွန်လက အစ္စရေးနှင့် ၁၂ ရက်ကြာ စစ်ပွဲအတွင်း နျူကလီးယားသိပ္ပံပညာရှင်များစွာ သေဆုံးခဲ့ပြီးနောက် ကျန်ရှိနေသည့် နျူကလီးယားသိပ္ပံပညာရှင်များကို အီရန်အစိုးရက ပုန်းရှောင်နေခိုင်းထားသည်ဟု အီရန်အရာရှိများ၏ အဆိုကို ကိုးကားပြီး ဗြိတိန်သတင်းစာ The Telegraph က ဖော်ပြခဲ့သည်။
သိပ္ပံပညာရှင်များကို သင်ကြားရေးလည်း ဆက်မလုပ်ခိုင်း၊ ၎င်းတို့၏ မိသားစုနေအိမ်များတွင်လည်း ဆက်မနေခိုင်းတော့ဘဲ မြို့တော်တဟီရန် သို့မဟုတ် မြောက်ပိုင်းကမ်းခြေမြို့များသို့ မိသားစုလိုက် ပြောင်းရွှေ့ခိုင်းထားသည်ဟု အီရန်အကြီးပိုင်းအရာရှိတစ်ဦးက ပြောသည်။
"အများစုက သူတို့ရဲ့အိမ်တွေမှာ မနေကြတော့ဘူး။ တဟီရန် ဒါမှမဟုတ် မြောက်ပိုင်းကလုံခြုံတဲ့နေရာတွေဆီ ပြောင်းနေကြတယ်။ တက္ကသိုလ်တွေမှာ သင်ကြားရေးလုပ်နေတဲ့ သိပ္ပံပညာရှင်တွေကိုလည်း ဆက်မထားတော့ဘဲ နျူကလီးယားစီမံကိန်းနဲ့ ဆက်စပ်မှုမရှိတဲ့ ဆရာတွေနဲ့ အစားထိုးထားတယ်" ဟု ၎င်းအရာရှိက ပြောသည်။
The Telegraph သတင်းအရ အစ္စရေး၏ နာမည်စာရင်းတွင် ပါဝင်သူများထဲမှ အသက်ရှင်ဆဲသိပ္ပံပညာရှင် ၁၅ ဦးခန့်က နောက်ထပ်ပစ်မှတ် ၎င်းတို့ဖြစ်လာမည်ကို စိုးရိမ်ပြီး အလုပ်နယ်ပယ်ပြောင်းလုပ်ရန်ပင် စဉ်းစားနေကြပြီဖြစ်သည်။
သို့သော် ပြီးခဲ့သည့် သီတင်းပတ်က အီရန်တွင် နျူကလီးယားသိပ္ပံပညာရှင်တစ်ဦး ကွပ်မျက်ခံလိုက်ရသည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။ လုပ်ဖော်ကိုင်ဖက်သိပ္ပံပညာရှင်များ လုပ်ကြံခံရအောင် ကူညီပေးခဲ့သည်ဆိုသည့်ပြစ်ချက်ဖြင့် ရူဇဘတ်ဗာဒီဆိုသူကို ဩဂုတ် ၆ ရက်တွင် ကြိုးပေးလိုက်သည်။
အစ္စရေးထောက်လှမ်းရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆန်းစစ်လေ့လာသူ ရိုနင်ဆော်လမန်က The Telegraph သို့ ပြောဆိုချက်အရ ကျန်ရှိနေသည့် သိပ္ပံပညာရှင်များက နျူကလီးယားထိပ်ဖူးအတွက် Shahab-3 ဒုံးကျည်ပြင်ဆင်ရေးတွင် ပါဝင်ခဲ့သူများ၊ အီရန်၏ နျူကလီးယားလက်နက် ဖြန့်ကြက်နိုင်စွမ်းအတွက် အရေးပါသူများဖြစ်သည်။
ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA မှ ဒုတိယခေါင်းဆောင်၏ အီရန်ခရီးစဉ်ရှိသည်ဟုလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာထားသည်။ သို့သော် အဆိုပါခရီးစဉ်အတွင်း အီရန်နျူကလီးယားစခန်းများကို ကြည့်ရှုစစ်ဆေးမှု မပါဝင်ပေ။
အမေရိကန်နှင့် အစ္စရေးက အီရန်၏ အရေးအပါဆုံး နျူကလီးယားစခန်းအချို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် ဇူလိုင် ၃ ရက်တွင် အီရန်သမ္မတ ပဇက်ရှ်ကီယန်၏ အမိန့်ဖြင့် အီရန်-IAEA တို့ကြား ပူးပေါင်းမှုများကို ရပ်ဆိုင်းထားသည်။
ယင်းအမိန့်ကြောင့် ယူရေနီယံံများကို သန့်စင်နေသည့် အီရန်၏ နျူကလီးယားခြေလှမ်းကို IAEA စစ်ဆေးသူများက ခြေရာခံနိုင်မှု ဆက်ပြီးနည်းပါးနေဦးမည်ဖြစ်သည်။
အစ္စရေးက အီရန်ကို လေကြောင်းစစ် ဆင်နွှဲနေချိန် ဇွန်လအတွင်း အမေရိကန်ကပါ အစ္စရေးဘက်မှကူကာ အီရန်နျူကလီးယားစခန်းသုံးခုကို ဗုံးကြဲခဲ့သည်။ အစ္စရေးနှင့် ၁၂ ရက်ကြာစစ်ပွဲအတွင်း အီရန်ဘက်တွင် စစ်ဘက်အရာရှိများ၊ နျူကလီးယားသိပ္ပံပညာရှင်များ အပါအဝင် သေဆုံးသူ ၁,၁၀၀ နီးပါးရှိပြီး အစ္စရေးဘက်တွင် ၂၈ ဦး သေဆုံးခဲ့သည်။
Ref: The Jerusalem Post









