တောင်ကိုရီးယားတွင် ကလေးမွေးဖွားနှုန်းကျဆင်းပြီး အမျိုးသားဦးရေလျော့ကျမှုကြောင့် စစ်သားအင်အား ၂၀ ရာခိုင်နှုန်း ကျဆင်း

တောင်ကိုရီးယားတွင် ကလေးမွေးဖွားနှုန်းကျဆင်းပြီး အမျိုးသားဦးရေလျော့ကျမှုကြောင့် စစ်သားအင်အား ၂၀ ရာခိုင်နှုန်း ကျဆင်း
Published 11 August 2025

တောင်ကိုရီးယားတွင် စစ်မှုထမ်းရန် အသက်အရွယ်ပြည့်မီသည့် အမျိုးသားဦးရေ လျော့ကျမှုကြောင့် ပြီးခဲ့သည့်ခြောက်နှစ်အတွင်း စစ်သားအင်အား ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ တန်းပြည့်စစ်မှုထမ်းအရေအတွက် ၄၅၀၀၀၀ သာရှိခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် ကလေးမွေးဖွားနှုန်း အနိမ့်ကျဆုံးနိုင်ငံဖြစ်ပြီး  စစ်မှုထမ်းရန် အသက်အရွယ်ပြည့်မီသည့် အမျိုးသားအရေအတွက်သည် သိသိသာသာ ကျဆင်းခဲ့ကာ ထိုနှုန်းထားအတိုင်း ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက စစ်ဆင်ရေးပိုင်ဆိုင်ရာ ကိစ္စများတွင် အခက်အခဲနှင့်ကြုံတွေ့လာ ရနိုင်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်ကို အာဏာရဒီမိုကရက်တစ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ချူးမီအဲထံ တင်သွင်းခဲ့ပြီး ၎င်း၏ ရုံးက ပြန်လည်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စစ်သားအင်အား ၆၉၀၀၀၀ ခန့်ရှိခဲ့သည့် ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများ နောက်ပိုင်းတွင် တောင်ကိုရီးယားစစ်တပ်တွင် စစ်သားအင်အား ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းက စစ်သားအင်အား လျော့ကျမှုသည် ပိုမိုအရှိန်မြင့်လာခဲ့ပြီး  ၂၀၁၉ ခုနှစ်တွင် တန်းပြည့်စစ်မှုထမ်းများနှင့် အရာရှိများအရေအတွက် ၅၆၃၀၀၀ ခန့်ရှိခဲ့သည်။

မြောက်ကိုရီးယားတွင်မူ တန်းပြည့်စစ်မှုထမ်းအရေအတွက် ၁ ဒသမ ၂ သန်းခန့်ရှိသည်ဟု ယူဆရကြောင်း ၂၀၂၂ ခုနှစ်က တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ခန့်မှန်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်ကြား တောင်ကိုရီးယားတွင် အသက် ၂၀ အရွယ် အမျိုးသားဦးရေသည် ၃၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး  အသက် ၂၀ အရွယ်အမျိုးသား ၂၃၀၀၀၀ သာရှိခဲ့သည်ဟု အစိုးရ၏ မှတ်တမ်းများတွင် ဖော်ပြခဲ့သည်။

ထို့ပြင် အမျိုးသားအများစုသည် စစ်မှုထမ်းရန် ရုပ်ပိုင်းဆိုင်ရာ ကျမ်းမာသန်စွမ်းမှု ရှိခဲ့သည်ဟု ဆိုသည်။

တောင်ကိုရီးယားတွင် လက်ရှိ စစ်မှုထမ်းသက်တမ်းသည် ၁၈ လဖြစ်ပြီး အမေရိကန်နှင့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများကြောင့် စွမ်းဆောင်ရည်များ မြင့်တက်ခဲ့သဖြင့် စစ်မှုထမ်းသက်တမ်းကို လျှော့ချခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့ပြင် ကာကွယ်ရေးစက်မှုလုပ်ငန်းသည်လည်း တိုးတက်ကောင်းမွန်လာခဲ့ပြီး တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် လက်နက်ပစ္စည်းများ တင်ပို့ရောင်းချသည့် အဓိက နိုင်ငံဖြစ်လာခဲ့သည်။

ကိုရီးယားစစ်ပွဲကို စစ်ရပ်ဆိုင်းရေးသဘောတူညီချက်ဖြင့် အဆုံးသတ်ခဲ့သည့် ၁၉၅၃ ခုနှစ်အတွင်း တောင်ကိုရီးယားတွင် စစ်မှုထမ်းကာလကို ၃၆ လကြာ သတ်မှတ်ခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း တောင်ကိုရီးယား၏ ကာကွယ်ရေးအသုံးစရိတ်သည် ဒေါ်လာ ၄၃ ဒသမ ၉ ဘီလျံရှိခဲ့ပြီး ထိုပမာဏသည် မြောက်ကိုရီးယား၏ စီးပွားရေးအင်အားထက် ပိုမိုများပြားနေသည်။

သို့သော် တောင်ကိုရီးယားစစ်တပ်သည် ကာကွယ်ရေးအသင့်အနေအထားရှိမှုကို ထိန်းသိမ်းရန် နောက်ထပ် စစ်သား ၅၀၀၀၀ ခန့် လိုအပ်နေဆဲဖြစ်သည်။

လက်ရှိတောင်ကိုရီးယားစစ်တပ်တွင် ပြန်တမ်းဝင်အရာရှိမဟုတ်သည့် အရာရှိအရေအတွက်  ၂၁၀၀၀ ခန့်လိုအပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Ref:AFP

Most Read

Most Recent