■ စင်ကာပူ၏ အကြီးမားဆုံး အဂတိလိုက်စားမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သဖြင့် အပြစ်ရှိကြောင်း မလေးရှားဘီလျံနာသူဌေးကြီး အွန်ဘင်းဆင်း ဝန်ခံ

■ စင်ကာပူ၏ အကြီးမားဆုံး အဂတိလိုက်စားမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သဖြင့် အပြစ်ရှိကြောင်း မလေးရှားဘီလျံနာသူဌေးကြီး အွန်ဘင်းဆင်း ဝန်ခံ
Published 5 August 2025

အစိုးရဝန်ကြီးဟောင်းတစ်ဦးကို ထောင်ကျစေခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း စင်ကာပူ၏ အကြီးမားဆုံး အဂတိလိုက်စားမှုဖြစ်စဉ်တွင် ပါဝင်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း မလေးရှားဘီလျံနာသူဌေးကြီး အွန်ဘင်းဆင်းက ဩဂုတ် ၄ ရက်တွင် တရားရုံး၌ ဝန်ခံထွက်ဆိုခဲ့သည်။

ထိုအမှုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရိုက ကိုင်တွယ်ခဲ့ပြီး စင်ကာပူအခြေစိုက် မလေးရှားနိုင်ငံသား အသက် ၇၉ နှစ်အရွယ်ရှိ အွန်ဘင်းဆင်းက သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း  အစ္စဝါရန်အား သီးသန့်ဂျက်လေယာဉ်ခရီးစဉ် အပါအဝင် လက်ဆောင်များ ပေးခဲ့သည်ဟု ရုံးတော်တွင် ဝန်ခံခဲ့သည်။

အစ္စဝါရန်အား လက်ဆောင်များ ပံ့ပိုးပေးမှု၊ တရားဥပဒေကို ဟန့်တားနှောင့်ယှက်မှုတို့ဖြင့်  အွန်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် စွဲချက်တင်ခဲ့သည်။ ၎င်းသည် ငွေဒဏ်နှင့် ထောင်ဒဏ် ခုနစ်နှစ်အထိ ကျနိုင်သည်။

သို့သော် အွန်၏ ရှေ့နေများက အွန်ကျန်းမာရေးမကောင်းသည်ကို ထောက်ဆပြီး ရုံးတော်ဘက်မှ ပြစ်ဒဏ်သက်ညှာပေးရန်၊ အွန်သည် ကင်ဆာရောဂါတစ်မျိုး အပါအဝင် ကျန်းမာရေးပြဿနာများစွာ ခံစားနေရသူဖြစ်ပြီး ထောင်ထဲတွင် လုံလောက်သည့်ဂရုစိုက်မှု မရနိုင်ဟုဆိုကာ ထောင်ဒဏ်အစား ကြီးလေးသည့်ငွေဒဏ် ချမှတ်ရန်သာ တောင်းဆိုခဲ့ရာ အစိုးရရှေ့နေများကလည်း ရုံးတော်သို့ တင်ပြလာသည့် ကျန်းမာရေးအထောက်အထားများကို ထည့်တွက်ပြီး သဘောတူခဲ့သည်။ ပြစ်ဒဏ်စီရင်ချက်ကို ဩဂုတ် ၁၅ ရက်တွင် ချမှတ်မည်ဖြစ်သည်။ 

ကမ္ဘာ့အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံများထဲမှ တစ်ခုဆိုသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားရာ စင်ကာပူကဲ့သို့ နိုင်ငံမျိုးတွင် အွန်၏ အမှုက လူအများ၏ အာရုံစိုက်မှုခံခဲ့ရသည်။

အွန်သည် စင်ကာပူအခြေစိုက် Hotel Properties Limited ကို ပိုင်ဆိုင်သူဖြစ်ပြီး  ၂၀၀၈ ခုနှစ်က စင်ကာပူသို့ ဖော်မြူလာဝမ်းပြိုင်ပွဲ ရောက်ရှိလာအောင် အဓိကကြိုးပမ်းခဲ့သူဖြစ်သည်။

အစ္စဝါရန်က စင်ကာပူဒေါ်လာ လေးသိန်းကျော်တန်ဖိုးရှိ တရားမဝင်လက်ဆောင်များကို လက်ခံခဲ့သည်ဟု ဝန်ခံပြီးနောက် ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ထောင်ဒဏ် ၁၂ လ ချမှတ်ခံခဲ့ရပြီး နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးထောင်ကျခဲ့သည့် အစိုးရဝန်ကြီးဖြစ်လာခဲ့သည်။

အစ္စဝါရန် လက်ခံခဲ့သည့် လက်ဆောင်များထဲ လေယာဉ်ခရီးစဉ်များ၊ တည်းခိုရေးအစီအစဉ်များ၊ အားကစားပွဲများ၊ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲများနှင့် စင်ကာပူဖော်မြူလာဝမ်းပြိုင်ပွဲလက်မှတ်များ စသည်တို့ပါဝင်သည်။

Ref: Financial Times

Photos■ AP

 

Most Read

Most Recent