■ ကာကွယ်ရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ဩဂုတ် ၇ ရက်တွင် ပြုလုပ်မည်
အပစ်အခတ်ရပ်မှုတည်မြဲစေရေးနှင့် ပတ်သက်ပြီး ဩဂုတ် ၄ ရက်က မလေးရှားတွင် ကမ္ဘောဒီးယားနှင့် ထိုင်း ကာကွယ်ရေးအရာရှိများ အကြိုဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ဩဂုတ် ၇ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။
နှစ်နိုင်ငံနယ်စပ်တွင် ငါးရက်ကြာပဋိပက္ခဖြစ်ပွားပြီးနောက် အမေရိကန်၏ ကြားဝင်ကူညီမှုဖြင့် အာဆီယအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံတွင် ဇူလိုင် ၂၈ ရက်က ထိုင်းနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းကာ အပစ်ရပ်ရန် သဘောတူညီမှုရခဲ့သည်။
ဩဂုတ် ၇ ရက်တွင် ပြုလုပ်မည့် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေးကို မည်သို့ဆက်လက်ထိန်းသိမ်းကြမည်ကို အဖြေရှာကြမည်ဖြစ်ပြီး အမေရိကန်၊ တရုတ်၊ မလေးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များက အကဲခတ်စောင့်ကြည့်သွားမည်ဖြစ်သည်။
တစ်ဖက်တွင် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တစ်ဖက်တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန်စွပ်စွဲမှုများလည်း ရှိနေသည်။ ထိုင်းနိုင်ငံက အငြင်းပွားဖွယ်နယ်စပ်ဧရိယာတစ်ခုတွင် မြေတူးစက်များ သုံးခြင်း၊ သံဆူးကြိုးများ ကာရံခြင်းတို့ဖြင့် သဘောတူညီချက်ကို ချိုးဖောက်သည်ဟု ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။
ထိုင်းဘက်ကလည်း ကမ္ဘောဒီးယားက အဓိကနယ်စပ်နေရာများတွင် တပ်အင်အားတိုးချဲ့ထားသည်ဆိုသည့်သတင်းများ ရသည်ဟု တန်ပြန်စွပ်စွဲခဲ့သည်။
ထိုင်းဘက်က ဖမ်းဆီးထားသည့် စစ်သား ၁၈ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း ကမ္ဘောဒီးယားက တောင်းဆိုထားပြီး ထိုင်းဘက်ကမူ ၎င်းတို့ကို စစ်သုံ့ပန်းအဖြစ် ကောင်းစွာထားရှိထားပြီး အပစ်ရပ်စဲရေးမဟုတ်ဘဲ ပဋိပက္ခများ အပြီးတိုင်ရပ်သွားတော့မှသာ ပြန်လွှတ်ပေးမည်ဟု အကြောင်းပြန်ထားသည်။
Ref: Reuters
Photo■ AP









