ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနှင့်ပတ်သက်ပြီး ရက် ၅၀ အတွင်း ယူကရိန်းနှင့် သဘောတူညီမှုရအောင် ကြိုးပမ်းရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အချိန်အကန့်အသတ်ပေးထားရာမှ ယခုထရန့်က အဆိုပါငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ၁၀ ရက်မှ ၁၂ ရက်အတွင်း အပြီးလုပ်ဆောင်ရန်နှင့် မဟုတ်ပါက အကျိုးဆက်ကိုရင်ဆိုင်ရန် ဇူလိုင် ၂၈ ရက်တွင် ထပ်မံဖိအားပေးလိုက်သည်။
လက်ရှိ ဥရောပခေါင်းဆောင်များနှင့်တွေ့ရန် စကော့တလန်သို့ ရောက်ရှိနေသည့် ထရန့်က ရုရှားသမ္မတပူတင်ကို စိတ်ပျက်နေကြောင်းလည်း ထပ်မံပြောခဲ့သည်။
"ဒီနေ့ကနေ ၁၀ ရက် သို့မဟုတ် ၁၂ ရက်အထိ စောင့်ပေးပါမယ်။ စောင့်နေစရာ အကြောင်းမှမရှိတော့တာ။ ဘာတိုးတက်မှုလည်း မမြင်ရဘူး"ဟု ထရန့်က ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာနှင့် တွေ့ဆုံမှုအတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
သမ္မတပူတင်နှင့် ထပ်ဆွေးနွေးရန် ဆန္ဒမရှိတော့သည်ကိုလည်း ထရန့်က အသိပေးသည့်အနေဖြင့် “အဖြေက ဘာဖြစ်မယ်ဆိုတာ သိနေမှတော့ ဘာလို့စောင့်နေတော့မလဲ။ အရေးယူပိတ်ဆို့တာတွေ၊ အခွန်တိုးကောက်တာတွေ လုပ်ရတော့မှာပဲ။ ရုရှားကို အဲဒီလိုမလုပ်ချင်ဘူး။ ရုရှားပြည်သူတွေကို ချစ်ပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။
ထရန့်၏ မှတ်ချက်ကို ယူကရိန်းဘက်က ကြိုဆိုခဲ့ပြီး ယူကရိန်းသမ္မတရုံး၏ အဆင့်မြင့်ဆုံးအရာရှိ အန်ဒရီယာမက်က ထရန့်၏ ခိုင်မာသည့်ရပ်တည်မှု၊ ငြိမ်းချမ်းရေးအတွက် ပြတ်သားပေးမှုတို့အတွက် ဆိုရှယ်မီဒီယာတွင် ကျေးဇူးတင်စကား ဆိုခဲ့သည်။
ဩဂုတ်လကုန်မတိုင်မီ သမ္မတပူတင်နှင့် ဇယ်လန်းစကီးတို့ တွေ့ဆုံညှိနှိုင်းရန် ယူကရိန်းဘက်က ကမ်းလှမ်းထားသော်လည်း ရုရှားဘက်က မဖြစ်နိုင်ကြောင်းနှင့် ထိုတွေ့ဆုံခြင်းမျိုးက ငြိမ်းချမ်းရေးယူရန် နောက်ဆုံးအဆင့်မှသာ ဖြစ်မြောက်လာနိုင်သည်ဟု တုံ့ပြန်ထားသည်။
ဇူလိုင်၂၆ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အနောက်အုပ်စုအနေဖြင့် ငြိမ်းချမ်းရေးအစစ်အမှန်ကို လိုလားပါက ယူကရိန်းအား လက်နက်ထောက်ပံ့ပေးနေခြင်းကို ရပ်တန့်ပါဟု တိုက်တွန်းခဲ့သည်။
ဇူလိုင် ၁၄ ရက်တွင် ထရန့်က ရက် ၅၀ အတွင်း ယူကရိန်းနှင့်ရုရှားတို့အကြား သဘောတူညီမှုမရရှိပါက ရုရှားအပေါ် ၁၀၀ ရာခိုင်နှုန်း ဆင့်ပွားစည်းကြပ်ခွန်များ ကောက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ အိမ်ဖြူတော်တွင် နေတိုးအတွင်းရေးမှူးချုပ် မက်ခ်ရူတာနှင့် တွေ့စဉ် ရုရှားသမ္မတပူတင်ကို အလွန်စိတ်ပျက်နေပြီဟုလည်း ထရန့်က ပြောဆိုခဲ့သည်။
အမေရိကန်က နေတိုးအုပ်စုမှတစ်ဆင့် ယူကရိန်းကို လက်နက်ထောက်ပံ့မည်ဖြစ်ကြောင်းနှင့် ကုန်ကျစရိတ်အားလုံးကို ဥရောပမဟာမိတ်နိုင်ငံများက ပေးမည်ဖြစ်ကြောင်းလည်း ထရန့်က ကြေညာခဲ့သည်။
ထရန့်ပြောသည့် ဆင့်ပွားစည်းကြပ်ခွန်ဆိုသည်မှာ ရုရှားပို့ကုန်များကို ဝယ်ယူသည့် နိုင်ငံများ၊ အဖွဲ့အစည်းများကိုပါ စည်းကြပ်ခွန်ကောက်ခြင်းဖြစ်သည်။ ရုရှားနှင့်ကုန်သွယ်မှု ဆက်လက်ပြုလုပ်မည့်နိုင်ငံများ ၎င်းတို့၏ ထုတ်ကုန်များကို အမေရိကန်သို့ ရောင်းမည်ဆိုပါက အခွန်အကောက်ကြီးစွာ ပေးရလိမ့်မည်ဖြစ်သည်။
ဥပမာ ရုရှားရေနံကို အိန္ဒိယက ဆက်ဝယ်နေမည်ဆိုလျှင် အိန္ဒိယထုတ်ကုန်များကို ဝယ်မည့် အမေရိကန်ကုမ္ပဏီများပါ သွင်းကုန်ခွန် ၁၀၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်သည်။
Ref: Reuters









