ကြံ့ခိုင်မှုအခြေအနေကို အကဲဖြတ်ပြီးမှသာ ယိုကယ်ရက်စ်ကို ကစားစေမယ်လို့ အာတီတာ ပြောကြား

ကြံ့ခိုင်မှုအခြေအနေကို အကဲဖြတ်ပြီးမှသာ ယိုကယ်ရက်စ်ကို ကစားစေမယ်လို့ အာတီတာ ပြောကြား
Photo: X
Photo: X
Published 28 July 2025

အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာက တိုုက်စစ်မှူး ယိုကယ်ရက်စ်ကို အလျင်စလိုပွဲထုတ်မှာမဟုတ်ဘဲ ကြံ့ခိုင်မှုအခြေအနေကို အကဲဖြတ်ပြီးမှသာ ယှဉ်ပြိုင်ကစားစေမယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဆွီဒင်တိုုက်စစ်မှူး ယိုကယ်ရက်စ်ကို ဇူလိုင်(၂၆)မှာ စာချုပ်ချုပ်ဆိုခဲ့ပြီး ဇူလိုင်(၂၇)ရက်က နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

ယိုကယ်ရက်စ်က အာဆင်နယ်အသင်းရဲ့ အာရှခရီးစဉ်ကို လိုက်ပါသွားခဲ့တာဖြစ်ပြီး စာချုပ်ချုပ်ဆိုပြီးတာနဲ့ အသင်းနဲ့ချက်ချင်းပူးပေါင်းခဲ့ခြင်းဖြစ်တာကြောင့် လာမယ့် စပါးနဲ့ပွဲစဉ်မှာ ပါဝင်ကစားဖွယ်ရှိတယ်လို့ ပရိသတ်တချို့က ထင်ကြေးပေးနေကြပါတယ်။

ဒီအတွက် အာတီတာက ''သူက အသင်းနဲ့အတူ လေ့ကျင့်မှုမလုပ်ရတာ စပို့တင်းအသင်း ချန်ပီယံဖြစ်ခဲ့တဲ့ နောက်ဆုံးပွဲစဉ်ကတည်းကလို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သူ့ရဲ့ ကြံ့ခိုင်မှုကို အကဲဖြတ်ရဦးမှာပါ။ ဆေးစစ်မှုတွေက အားလုံးကောင်းမွန်ပေမဲ့ သင့်လျော်တဲ့ ကြံ့ခိုင်မှုအခြေအနေမှာ ရှိနေဖို့ လိုပါသေးတယ်။ ကျွန်တော်တို့လည်း အသင်းနဲ့ သူ တတ်နိုင်သမျှ အမြန်ဆုံးပူးပေါင်းဖို့ ဆန္ဒရှိပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဇူလိုင်(၃၁)မှာ စပါးအသင်းနဲ့ ဟောင်ကောင်မှာ ယှဉ်ပြိုင်ရမှာပါ။

Most Read

Most Recent