ဇူလိုင် ၂၅ ရက်က ထိုင်းစစ်သားများသည် ထိုင်းနိုင်ငံ၏ Si Sa Ket ပြည်နယ်ရှိ Phu Ma Kua တောင်ကုန်းကို ဒေသစံတော်ချိန် ၆ နာရီ ၅၀ မိနစ်ခန့်တွင် အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဇူလိုင် ၂၆ ရက်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေသည်ဟု The Nation သတင်းတွင် ဖော်ပြထားသည်။
ထို့နောက် ဇူလိုင် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီခွဲတွင် ကမ္ဘောဒီးယားက တိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း ထိုင်းစစ်သားများက ထိုတောင်ကုန်းကို ထိန်းချုပ်ထားနိုင်ခဲ့သည်ဟု ထိုင်းတော်ဝင်စစ်တပ်၏ တရားဝင် Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်တွင် တင်ထားသည့် ထိုင်းတော်ဝင်စစ်တပ်၏ တရားဝင် Facebook တွင် ထိုင်းစစ်သားများသည် Phu Ma Kua တောင်ကုန်းကို ထိန်းချုပ်ထားပြီး ထိုင်းနိုင်ငံတော်အလံကို လွှင့်ထူခဲ့ကာ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ဒေသစံတော်ချိန်နံနက် ၉ နာရီ ၂၀ မိနစ်တွင် ထိုင်း၏ အမှတ် (၂) စစ်တိုင်းဒေသ၏ တပ်ဖွဲ့များသည် Phu Ma Kua တောင်ကုန်း၏ နေရာ ၉၀ ရာခိုင်နှုန်းကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး ကမ္ဘောဒီးယားစစ်သားများက တိုက်ခိုက်လာပါက ချက်ချင်းတုံ့ပြန်ရန်ပြင်ဆင်ထားကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုတောင်ကုန်း၏ ကျန်ရှိနေသည့် နယ်မြေ ၁၀ ရာခိုင်နှုန်းကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီကြား ရှင်းလင်းသွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားစစ်တပ်၏ ရေဒါတာဝါများ၊ သံလှေကားများနှင့် အခြားအရာများကို ဖျက်ဆီးသွားမည်ဟု ဆိုသည်။
ထို့ပြင် ကမ္ဘောဒီးယားစစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ ၁၀ ဦးရှိခဲ့ပြီး စစ်လက်နက်ပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့သည်။
Ref:The Nation









