လေပြင်းတိုက်ခတ်သဖြင့် ဗိုလ်တထောင်ကွန်တိန်နာဝင်းအတွင်းရှိ ကွန်တိန်နာအချို့ ပျက်စီးကာ လမ်းဘေးရှိ ဆိုင်ခန်းအချို့လည်း ပျက်စီးခဲ့ကြောင်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူအချို့က ပြောကြားသည်။
ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ဗိုလ်တထောင်ကွန်တိန်နာဝင်းအတွင်းရှိ ကွန်တိန်နာအချို့မှာ ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် လမ်းဘေးဆိုင်အချို့လည်း အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
" လေတိုက်တာက လေးမိနစ်၊ ငါးမိနစ်လောက်ကြာတယ်။ အဲ့ဒီတုန်းက အပြင်လည်းထွက်မကြည့်ရဲဘူး။ လမ်းဘေးဆိုင်တချို့က အမိုးတွေ လန်ကုန်တယ်။ ထိခိုက်ဒဏ်ရာရတာတော့ မကြားမိဘူး။လေကတော့ တော်တော်ပြင်းတယ်" ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
လေပြင်းတိုက်ခတ်မှုကြောင့် မော်တော်ယာဉ်ပေါ်တွင် တင်ထားသည့် ကွန်တိန်နာအချို့ အောက်ပြုတ်ကျခြင်းများ၊ ထပ်ထားသည့် ကွန်တိန်နာအချို့ပြုတ်ကျခြင်း၊ ကွန်တိန်နာသယ်ယူသည့် မော်တော်ယာဉ်အချို့ တုံးလုံးလဲတိမ်းမှောက်ခြင်းများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၄ ရက်တွင် လေပြင်းတိုက်ခတ်မှုများကြောင့် ဒေါပုံ၊ လှိုင်၊ ဒလ၊ သာကေတ အစရှိသည့် မြို့နယ်များတွင် သစ်ပင်များလဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ ဇူလိုင် ၂၈ ရက်အထိ နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်ဟု သိရသည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက သတိပေးထားသည်။















