နိုင်ငံအားလုံးနှင့် ဆက်ဆံသည့်နေရာတွင် ပြည်သူလူထူ၏ လူမှုအကျိုးစီးပွားအတွက် လက်တွေ့အကျိုးစီးပွားဖြစ်နိုင်သည့် နိုင်ငံများနှင့် ဦးစားပေးပြီး ဆက်ဆံသွားမည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နိုင်ငံအားလုံးနှင့် ဆက်ဆံသည့်နေရာတွင် ပြည်သူလူထူ၏ လူမှုအကျိုးစီးပွားအတွက် လက်တွေ့အကျိုးစီးပွားဖြစ်နိုင်သည့် နိုင်ငံများနှင့် ဦးစားပေးပြီး ဆက်ဆံသွားမည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 30 June 2025

နိုင်ငံအားလုံးနှင့် ဆက်ဆံသည့်နေရာတွင် ပြည်သူလူထူ၏ လူမှုအကျိုးစီးပွားအတွက် လက်တွေ့အကျိုးစီးပွားဖြစ်နိုင်သည့် နိုင်ငံများနှင့် ဦးစားပေးပြီး ဆက်ဆံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025 ) တက်ရောက်ခဲ့ပြီး ဇွန် ၂၉ ရက်က နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ် ခရီးစဉ်နှင့်ပတ်သက်၍

သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံက ကျင့်သုံးနေတဲ့ နိုင်ငံခြားမူဝါဒက လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒ ဖြစ်တယ်။ ကျွန်တော်အနေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာဆိုရင် နိုင်ငံအားလုံးကို မိတ်ဆွေအဖြစ် မိတ်ဝတ်မပျက်ဆက်ဆံမှာဖြစ်တယ်။ သို့သော် ကျွန်တော်တို့ အနေနဲ့က နိုင်ငံအားလုံးနဲ့ ဆက်ဆံတဲ့နေရာမှာ ကိုယ့်ကိုပိုပြီးအကျိုးပြုမယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံ အတွက်၊ ကိုယ့်ပြည်သူလူထုရဲ့ လူမှုအကျိုးစီးပွားအတွက် လက်တွေ့အကျိုးစီးပွားဖြစ်နိုင်တဲ့ နိုင်ငံတွေနဲ့ ဦးစားပေးပြီးဆက်ဆံသွားရမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာလည်း မြန်မာပြည်သူလူထု၊ မြန်မာနိုင်ငံလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်တဲ့ လမ်းစကောင်းတွေကို ရရှိခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ သည် ၂၀၁၅ ခုနှစ် စတင်ထူထောင်ခဲ့ခြင်း ဖြစ်ပြီး စတင်ထူထောင်ခဲ့သည့် ရည်ရွယ်ချက်သည် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများ အချင်းချင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် လူနေမှု အဆင့်အတန်း မြင့်မားလာစေရန်ဆိုသည့် ရည်ရွယ်ချက် နှစ်ခုနှင့် စတင်ပြီး ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက " မြန်မာနိုင်ငံကတော့ ၂၀၂၂ ခုနှစ်ကနေ စပြီးတော့ EAEU နဲ့ ဆက်သွယ်ခဲ့တယ်။ ၂၀၂၂ ခုနှစ်မှာ (EAEU)ရဲ့ (EEC)အဖွဲ့ပေါ့ (EEC)ဆိုတာ ဥရောပ-အာရှ စီးပွားရေး အဖွဲ့ပေါ့။ အဲ့ဒီအဖွဲ့က ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တယ်။ ရောက်ရှိခဲ့ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွေ့ပြီးတော့ကဏ္ဍပေါင်းစုံမှာ မြှင့်တင်နိုင်ရေး ၊ ကဏ္ဍပေါင်းစုံဆက်ဆံမှု မြှင့်တင်နိုင်ရေးကို ဆောင်ရွက်ခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာ ပိုပြီးတော့ အရှိန်အဟုန်ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာဆိုရင် EAEU အဖွဲ့ နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက်ကို ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက် ရေးအတွက် MoU နားလည်မှု စာချွန်လွှာချုပ်ဆိုနိုင်ခဲ့တယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာပဲ စိန့်ပီတာစဘတ်မှာ ကျင်းပခဲ့တဲ့ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်မှာ ဒီစာချုပ်ကို ကျွန်တော်တို့ ချုပ်ဆိုနိုင်ခဲ့တာပါ။ ချုပ်ဆိုနိုင်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ် မှာ EAEU က ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာခဲ့တယ်။ လာတဲ့အချိန်မှာ ဒီ MoU ကို ဆက်လက်ပြီးတော့ အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် MoU ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းခဲ့တယ်။ ပထမ အကြိမ် အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့တယ်။ နောက်တစ်ကြိမ် အစည်းအဝေးကိုတော့ ရုရှားမှာ ကျွန်တော်တို့ ကျင်းပခဲ့တယ်"ဟု ပြောကြားသည်။

EAEU အနေနှင့် ၎င်း၏ အခြေခံ ပဋိညာဉ်တွင်  နိုင်ငံအချင်းချင်း အချုပ်အခြာအာဏာ တည်တံ့မှု၊ နယ်မြေခိုင်မြဲမှုကို အလေးထားရန်၊ နံပါတ်နှစ် အချက်သည် နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားကို အလေးထားရန်ဆိုသည့်အချက် ပါဝင်ကြောင်း၊ ယင်းသည် နိုင်ငံတိုင်းအတွက် လိုအပ်သည့်ကိစ္စများဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒီနေ့ ကျွန်တော်တို့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ စီးပွားရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံရေး အရပဲဖြစ်ဖြစ်၊ ကျန်တဲ့ အရေးအရာတွေပဲ ဖြစ်ဖြစ် သူတို့လိုရင် လိုသလို ပုံဖော်နေတယ်။ မလိုရင်မလိုသလို ပုံဖော်နေတဲ့ ဟာတွေ ပိတ်ဆို့နေတဲ့ ဟာတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့က EAEU နဲ့ ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှု အင်အားကိုရရှိလာမှာဖြစ်ပါတယ်” ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် အနေနှင့် EAEU ၏ နှစ်စဉ်ကျင်းပနေကျဖြစ်သည့် လေးကြိမ်မြောက် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF)သို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ မိန့်ခွန်းပြောကြားခဲ့သည့် နေရာတွင်လည်း မိမိပြောကြားခဲ့သော အချက်အလက်များအပြင် ကျယ်ကျယ်ပြန့်ပြန့် ပြောကြားခဲ့သည်ကို အားလုံးတွေ့နိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက " မြန်မာနိုင်ငံအနေနဲ့ EAEU ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် EAEU ရဲ့လေ့လာခွင့်ရရှိတဲ့ နိုင်ငံ၊ လေ့လာသူနိုင်ငံဖြစ်ဖို့အတွက် ကျွန်တော်တို့ကြိုးစားဆောင်ရွက်နေပါတယ်။ ကြိုးစားဆောင်ရွက်မှုလည်း အောင်မြင်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။ EAEU အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှားတို့ အခြားအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံကို ကြိုဆိုလက်ခံတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်"ဟု ပြောကြားသည်။

ဆက်လက်၍ ခရီးစဉ်အတွင်း၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Ulan-Ude မြို့ကိုလည်းသွားရောက်ခဲ့သည်ကိုတွေ့ရပြီး ယင်းခရီးစဉ်မှ မည်သို့သော အကျိုးအမြတ်များ ရရှိခဲ့ပါသလဲဆိုသည် မေးမြန်းမှုကို " Buryatia ပြည်နယ်အကြီးအကဲက ကျွန်တော်တို့မြန်မာနိုင်ငံကိုလည်း လာခဲ့ဖူး ပါတယ်။ သတင်းထောက်ကြီးတို့လည်း တွေ့မှာပဲဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီး တန်ဆောင်တိုင်ပွဲတော်မှာ Buryatia ပြည်နယ်အထိမ်းအမှတ်အနေနဲ့ မီးပုံးပျံလွှတ်တင်ခဲ့တာရှိပါတယ်။ ထူးခြားတာက Buryatia ပြည်နယ်က ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ပြည်နယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဗုဒ္ဓဘာသာ နဲ့ပတ်သက်ပြီး၊ ဘာသာရေးနဲ့ပတ်သက်ပြီး ဆက်ဆံမှု၊ ဆက်သွယ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီမှာရှိနေတဲ့ဗုဒ္ဓဘာသာညီလာခံဖိုရမ်တစ်ခုလုပ်ဖို့လည်း ဆောင်ရွက်နေတာတွေရှိတယ်။ မြန်မာနိုင်ငံကဆရာတော်ဘုရားကြီး တွေလည်းသူတို့ဆီကို ကြွနေတာ ရှိတယ်။ နောက်တစ်ခုက ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေ၊ သူတို့နဲ့ပူးပေါင်းဆောင်ဖို့ ဆောင်ရွက်နေတာရှိတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသည်။

ထို့အပြင် Ulan-Ude ၌ ရထားပို့ဆောင်ရေးနှင့်ပတ်သက်သည့် စက်ရုံများရှိပြီး အဆိုပါစက်ရုံများကိုလည်း ပူးပေါင်းဆောင်ရွက်ရန်နှင့် ခရီးသွားမြှင့်တင်ရန် သွားရောက်လေ့လာခဲ့ကြောင်း၊ ယင်းခရီးစဉ်မှ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent