ငလျင်ဒေသများတွင် ဖြန့်ဝေထားသည့် အာဟာရပြည့်ဘီစကွတ်များကို ပြန်လည်ရောင်းချပါက အရေးယူမည်ဟု UN ထုတ်ပြန်

ငလျင်ဒေသများတွင် ဖြန့်ဝေထားသည့် အာဟာရပြည့်ဘီစကွတ်များကို ပြန်လည်ရောင်းချပါက အရေးယူမည်ဟု UN ထုတ်ပြန်
Published 24 April 2025

ငလျင်ဒေသများတွင် ဖြန့်ဝေထားသည့် အာဟာရပြည့်ဘီစကွတ်များကို ပြန်လည်ရောင်းချပါကအရေးယူမည်ဟု UN က ထုတ်ပြန်သည်။

လူမှုကွန်ရက်မီဒီယာတွင် ရေးသားနေသည့် ယင်းဘီစကွတ်များကို ရောင်းချနေသည်ဆိုသည့်ရေးသားချက်များကိုသိရှိထားပြီး ယင်းရေးသားချက်များတွင် သက်သေအထောက်အထား မတွေ့ရကြောင်း UN က ဆိုသည်။

နေပြည်တော်မှာ WFP အာဟာရဖြည့်ဘီစကွတ်တွေ ရောင်းချနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးနေကြတာ WFP က သိရှိထားပြီးဖြစ်ပါတယ်။ အဲဒီလိုရေးသားချက်တွေမှာ သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရပါဘူး။ နေပြည်တော်မှာ အာဟာရဖြည့်ဘီစကွတ်တွေကို ဧပြီလ ၁ ရက်နေ့က နောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပါတယ်။တကယ်တော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပြန်လည်ရောင်းချဖို့မသင့်ပါဘူး။ WFP အနေနဲ့ ပုံမှန် လေ့လာစောင့်ကြည့်နေသလို၊ ရောင်းချတာတွေ့ရင်လည်း ချက်ချင်းအရေးယူ‌ဆောင်ရွက်သွားမှာပါ" ဟုUN Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

WFP က ဖြန့်ဝေထားသည့် အာဟာရဖြည့်ဘီစကွတ်များမှာ ရိုးရိုးဘီစကွတ် မဟုတ်ကြောင်း၊လတ်တလောဖြစ်ခဲ့သည့် ငလျင်ဘေးကဲ့သို့ အရေးပေါ်အခြေအနေမျိုးတွင်ချက်ချင်းစားသုံးနိုင်ရန် ထုတ်လုပ်ထားသည့်အထူးအာဟာရဖြည့်အစားအစာတစ်မျိုး ဖြစ်ကြောင်း UN က ဆိုသည်။

ယင်းဘီစကွတ်များတွင် ဂျုံမှုန့်၊ ပဲပိစပ်မှုန့်၊ သကြား၊ အဆီထုတ်ထားသည့် နို့မှုန့်၊ ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်သည့်ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဖောလစ်အက်ဆစ်၊ဗီတာမင် B1၊ B2၊ B6၊ B12 နှင့် အခြားဓာတ်များစွာပါဝင်ကြောင်း၊ ဘီစကွတ်များကို ခြောက်လအောက် ကလေးငယ်များကိုကျွေးလို့မရကြောင်း၊  အသက် ၆ လအထက် ကလေးများအား မိခင်နို့ဝအောင် တိုက်ကျွေးပြီးမှသာ ဘီစကွတ်ကိုကျွေးနိုင်မည်ဖြစ်ကြောင်း၊ အရွယ်ရောက်ပြီးသူများအနေဖြင့် ဗိုက်ဆာသည့်အခြေအနေပေါ်မူတည်ပြီး တစ်နေ့လျှင်ဘီစကွတ် ငါးထုပ်ခန့်အထိ စားသုံးနိုင်ကြောင်း သိရသည်။

 ဒီဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ ပုံမှန်အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာ အရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးပါ။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ဟာ ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီအတွင်းမှာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် အာဟာရဖြည့်ဘီစကွတ်တွေစတင်ဖြန့်ဝေခဲ့ပါတယ်။ ဒီဘီစကွတ်တွေက ရောင်းရန်မဟုတ်ပါဘူး။ အခုပုံမှန်ထမင်းဟင်းစားသောက်နိုင်ပြီဆိုရင်ပိုလျှံနေတဲ့ဘီစကွတ်တွေကို မိမိထက်ပိုလိုအပ်နေသူတွေဆီကို မျှဝေပေးလိုက်ပါ" ဟု UN က ထုတ်ပြန်ထားသည်။

အာဟာရပြည့် ဘီစကွတ်များကို ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများတွင် အရေးပေါ်အဖြစ် UN ကအခမဲ့ ဝေငှထားခြင်းဖြစ်သည်။

Most Read

Most Recent