မှော်ဝင်ပြဇာတ်တစ်ပုဒ်အကြောင်း

မှော်ဝင်ပြဇာတ်တစ်ပုဒ်အကြောင်း
Photo : X
Photo : X
Published 21 April 2025
AK

ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ မန်ယူနိုက်တက်အတွက်ဆို အမြဲတမ်းပေးဆပ်တတ်သူ ခေါင်းဆောင်ဘရူနိုရဲ့ပယ်နယ်တီချေပဂိုးဟာ မှော်ပုံပြင်ရဲ့အစပါပဲ။ ပြီးတော့ မိန်နူးရဲ့ မာယာလိမ်းကျံထားရာ လှပတဲ့သွင်းဂိုး၊ အဲဒီနောက် အရာအားလုံးဟာ မန်ယူနိုက်တက်အတွက်ဖြစ်ခဲ့ပြီ။ သံသယသားကောင်အဖြစ် လပေါင်းများစွာ တံတွေးခွက် ထဲပက်လက်မျောခဲ့တဲ့ မက်ဂွိုင်းရားဟာ အနိုင်ဂိုးရှင်၊ ဘယ်တော့မှ အရှုံးမပေးနဲ့သင်ခန်းစာကို အကောင်းဆုံးသရုပ်ဖော်ခဲ့ပေါ့။ မန်ယူနိုက်တက် ဂန္ထဝင်နောက်ခံလူ ဖာဒီနန်က "အခုလိုပွဲမျိုး တစ်ခါမှ မကြုံဖူးပါဘူး။ တကယ်အံ့အားသင့်စရာပါ။ လေးဂိုးနှစ်ဂိုးနဲ့ မန်ယူနိုက်တက်ရှုံးနေချိန်မှာ ပရိသတ်တွေ ကွင်းထဲကထွက်နေပြီ။ အရာအားလုံး ပြီးဆုံးပြီလို့ထင်ခဲ့ကြတာပါ" လို့ပြန်ပြောပြတယ်။

ငိုတယ်ဆိုတာရယ်ခြင်းတစ်မျိုးပဲတဲ့ ကဗျာဆရာ မြတ်ဝေက ဖွဲ့နွဲ့ပါတယ်။ မန်ယူနိုက်တက်ရဲ့ မီးခိုးလိုနှစ်ကာလတွေထဲ အငိုခန်းကများ များလှပါပြီ။ တစ်ခန်းရပ်အိပ်မက်တွေ အပြိုင်းအရိုင်းဖူးဝေတယ်။ ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်တာဆယ်စုနှစ်တစ်ခုကျော်ကြာ၊ ချန်ပီယံလိဂ်ဖလား မရတာ နှစ်ပေါင်း(၂၀)နီးပါးကြာ၊ ယူနိုက်တက်ရပ်ဝန်းမှာ ဂုဏ်သိက္ခာကျကွဲသံဟာ မဆုံးနိုင်ဘူး။ အခုရာသီမှာလည်း အာမိုရင်မ်ဟာ ပြတ်ရွေ့ ကြောထဲ ရမ်းခါနေတယ်။ တန်းဆင်းရမလား စိုးရိမ်စိတ်တွေ ပူးကပ်ခံရတယ်။ ပရီးမီးယားလိဂ် စမ်း သပ်ခန်းမှာ အာမိုရင်မ် စိတ်ကျရောဂါပိုင်ဆိုင်သွားပေါ့။ လွတ်မြောက်လမ်းဟာ ဘယ်ဆီမှာများလဲ။ အသည်းကွဲသီချင်းတွေလည်း မချိုမြိန်တော့ဘူး မေမေ။

အာဆင်နယ်က ချန်ပီယံလိဂ်ရနံ့လေး ဂန္ထဝင်ဆန်ဆန် သင်းပျံ့လာတယ်။ သူတို့က ကောင်းကင်ကို တက်သိမ်းမယ့် ဟန်ပြင်နေချိန်၊ မန်ယူနိုက်တက်ရဲ့အလင်းတစ်စဟာ ရှိသေးရဲ့လား။ ယူရိုပါလိဂ်၊ တစ်ချိန်တုန်းက ဖာဂီထွေးထုတ်လိုက်တဲ့ ပီကေလောက်တောင် မန်ယူနိုက်တက်အသိုင်းအဝိုင်းတန်ဖိုးမထားခဲ့ဘူး။ အခုတော့ အဲဒီယူရိုပါလိဂ်ကပဲ မန်ယူနိုက်တက်ရဲ့ဖြေဆေးဖြစ်နေပြီ။

လိုင်ယွန်တိုက်စစ်မှူး လာကာဇက် ဂိုးသွင်းလိုက်ချိန်မှာ အိုးလ်ထရက်ဖို့ဒ်ကွင်းက နာရီဟာ ပွဲချိန်(၁၀၉)မိနစ်ဆိုပြီး ပြသနေပြီ။ မန်ယူနိုက်တက်အတွက် ဘောလုံးရာသီတစ်ခု ဘာအောင်မြင်မှုမှမရှိဘဲ အဆုံးသတ်သွားစေမယ့် လာကာဇက်ရဲ့ သွင်းဂိုးပါ။ မန်ယူနိုက်တက်အသင်း ပရိသတ်ထောင်ဂဏန်းလောက်က ခေါင်းတစ်ခါခါနဲ့ ကွင်းထဲကနေ စိတ်ပျက်လက်ပျက် ထွက်နေကြပါပြီ။ ပွဲချိန်(၁၁)မိနစ်သာကျန်ချိန်မှာ နှစ်ဂိုးပြတ် ရှုံးနေတာမဟုတ်လား။ ပြန်လာနိုင်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ Game Over ဖြစ်ပြီဆိုပြီး အားလုံးတွေးခဲ့ကြတာ။ မန်ယူနိုက်တက်က မှော်ဆန်တာထက် ပိုခဲ့ပါတယ်။ မန်ယူနိုက်တက်ရဲ့ နာမည်ကျော် Man Utd will never die သီချင်းစာသားအတိုင်း ရှင်သန်ပြခဲ့တာပါ။

ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ မန်ယူနိုက်တက်အတွက်ဆို အမြဲတမ်းပေးဆပ်တတ်သူ ခေါင်းဆောင်ဘရူနိုရဲ့ပယ်နယ်တီချေပဂိုးဟာ မှော်ပုံပြင်ရဲ့အစပါပဲ။ ပြီးတော့ မိန်နူးရဲ့ မာယာလိမ်းကျံထားရာ လှပတဲ့သွင်းဂိုး၊ အဲဒီနောက် အရာအားလုံးဟာ မန်ယူနိုက်တက်အတွက်ဖြစ်ခဲ့ပြီ။ သံသယသားကောင်အဖြစ် လပေါင်းများစွာ တံတွေးခွက် ထဲပက်လက်မျောခဲ့တဲ့ မက်ဂွိုင်းရားဟာ အနိုင်ဂိုးရှင်၊ ဘယ်တော့မှ အရှုံးမပေးနဲ့သင်ခန်းစာကို အကောင်းဆုံးသရုပ်ဖော်ခဲ့ပေါ့။ မန်ယူနိုက်တက် ဂန္ထဝင်နောက်ခံလူ ဖာဒီနန်က "အခုလိုပွဲမျိုး တစ်ခါမှ မကြုံဖူးပါဘူး။ တကယ်အံ့အားသင့်စရာပါ။ လေးဂိုးနှစ်ဂိုးနဲ့ မန်ယူနိုက်တက်ရှုံးနေချိန်မှာ ပရိသတ်တွေ ကွင်းထဲကထွက်နေပြီ။ အရာအားလုံး ပြီးဆုံးပြီလို့ထင်ခဲ့ကြတာပါ" လို့ပြန်ပြောပြတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ အခုလိုမြင်ကွင်းမျိုးထပ် မြင်ဖို့ရာ မရေရာပါဘူး။ နောက်တစ်ခါ ထပ်ဖြစ်မလာနိုင်မယ့် မြင်ကွင်းမျိုးလည်း ဖြစ်နိုင်တာပဲ။ လုံခြုံရေးတွေက ကွင်းထဲမှာ၊ ပရိသတ်တွေက ကွင်းထဲမှာ မန်ယူနိုက်တက်နည်းပြအဖွဲ့ဝင်တွေက ကွင်းထဲမှာ၊ အိုနာနာက သူမှားခဲ့သမျှ မေ့ပစ် လိုက်ပြီး အာမိုရင်မ်နဲ့ အကြီးအကျယ် အောင်ပွဲခံခဲ့ပါတယ်။

တစ်သက်မှာတစ်ခါ ထပ်မရနိုင်မယ့်ပျော်ရွှင်မှုလှိုင်းတွေ ဖြတ်သန်းစီးဆင်းသွားတယ်။ မန်ယူနိုက်တက်ဟာ သေရွာပြန်လူတစ်ယောက်လို၊ မြေ မြှုပ်ခံရပြီးမှ ရုတ်တရက်ပြန်လည်နိုးထလာတယ်။

စိတ်ဓာတ်မရှိတဲ့ကောင်တွေ၊ မန်ယူနိုက်တက်ရဲ့ DNA ကို မီးရှို့ဖျက်ဆီးနေတယ်ဆိုပြီး ကစားသမားတွေ ဝေဖန်ခံရတာ ကြာပါပြီ။ အခု အဲဒီဝေဖန်သံတွေ ခေတ္တတိတ်ဆိတ်သွားပြီ။ ဥရောပပြိုင်ပွဲ သမိုင်းတစ်လျှောက် အချိန်ပိုမှာ ငါးဂိုးသွင်းတာ တစ်ကြိမ်မှ မရှိခဲ့ဘူး။  Theatre of Dreams အိပ်မက်ပြဇာတ်ရုံမှာပဲ ဆန်းကြယ်တာတွေ ဖြစ်တတ်ပါတယ်။

၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်ကလို ခံစားချက်မျိုး ယူနိုက်တက်ပရိသတ်တွေ ပြန်ပြီးခံစားခွင့်ရခဲ့တာပါ။ အဲဒီအချိန်တုန်းက ဗီဒီယိုတိတ်ခွေကနေ Delay ခံစားခွင့်ရခဲ့သူ ကျွန်တော့်အတွက် အခုလို မှော်ဆန်တာထက်ပိုတဲ့ အောင်ပွဲကိုတိုက် ရိုက်ခံစားခွင့်ရတာ ကြည်နူးမဆုံးပါဘူး။ ဘယ်တော့ မှ အရှုံးမပေးလိုတဲ့ DNA ဟာ မန်ယူနိုက်တက်ရပ်ဝန်းထဲ အလှည့်ကျလာတဲ့မီးလို ဖြစ်နေတယ်။ လင်းလိုက်၊မှိန်လိုက်၊ ငိုကြွေးလိုက်၊ ပျော်ရွှင်လိုက်ပဲ။

လွယ်မယ်ထင်တဲ့အရာတွေ ခက်နေရတယ်။ အဆုံးသတ်ပြီထင်ပါရဲ့ညည်းတွားနေတုန်း အသက်ဓာတ်ဟာ ပြန်လည်လူးလွန့်လာတယ်။ ဒါဟာ မန်ယူနိုက်တက်ရဲ့ယဉ်ကျေးမှုဆိုပြီး တံဆိပ်ကပ်ရတာ ရိုးအီလာပါတယ်။ တစ်ချိန်တုန်းက ၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်အကြောင်း ပြောရတာလည်း မျက်နှာပူစရာကောင်းပါတယ်။ လိုင်ယွန်နဲ့ပွဲဟာ အဲဒီလိုအရသာမျိုးလား မသေချာပါဘူး။ ပုံသဏ္ဍာန်၊ အနှစ်သာရလည်း မတူညီပါဘူး။ ဦးဆောင်ခွင့်ရပြီးမှ အသည်းအသန် ရုန်းကန်ရတာ ရှက်ရွံ့စရာပါ။ အိုးလ်ထရက်ဖို့ဒ်ထဲ မျက်ရည်ညတစ်ညဖြစ်လေဦးမလား တွေးပူခဲ့ရပါတယ်။

မြန်မာပြည်က လူတစ်ယောက်ဟာ  အိုးလ်ထရက်ဖို့ဒ် ပွဲကြည့်စင်က ငိုနေတဲ့ချာတိတ်လေးမြင်ပြီး Trauma ရခဲ့ပါတယ်။ ချာတိတ်လေးဟာ ဘယ်လိုမှ စိတ်ထိန်းလို့မရ၊ ကြေကွဲမျက်ဝန်းတွေနဲ့ ငိုမဲ့မဲ့ဖြစ်နေရှာတယ်။ ချာတိတ်လေးရဲ့ DNA ထဲ မန်ယူနိုက်တက်ဘယ်လောက် လွှမ်းမိုးထားပြီလဲ။ မန်ယူနိုက်တက်ခေတ်ပျက်ကြီးထဲ မန်ယူနိုက်တက်ကိုမှ ချစ်မိတာ ဝဋ်ကြွေးလို့ မခံယူခဲ့ပါဘူး။  ချစ်ခြင်းမေတ္တာဟာ အရာအားလုံးပျောက် ကွယ်အောင် ပြုစားနိုင်ပါတယ်။ ငိုကြွေးရမယ်၊ ပျော်ရွှင်ရမယ်။ ငိုနေတဲ့ချာတိတ်လေးဆီ ပျော်ရွှင်စရာဟာ သိပ်မကြာခင်မှာ ဆိုက်ကပ်လာတယ်။ မျက်ရည်တွေမတိတ်သေးခင် ရယ်သံလွင်လွင်လေးတွေ ကြားရတာ မမေ့နိုင်စရာပါ။ အိုးလ်ထရက်ဖို့ဒ်ကွင်းပွဲကြည့်စင်ကနေ အပြင်ဘက်ကို မျှော်လင့်ချက်ကင်းမဲ့စွာ ထွက်လာသူတချို့ဟာ မှော်ဝင်ပြဇာတ်ကို ခံစားဖို့ရာကွင်းထဲပြန်ပြေးဝင်ခဲ့တယ်။

လက်ရှိရာသီမှာ မန်ယူနိုက်တက်ကိုရောက်လာတဲ့ ယိုဟိုကလည်း မယုံကြည်နိုင်အောင်ဖြစ်နေပါတယ်။ "ရိုးရိုးသားသားပြောရရင် ဘာတွေဖြစ်ခဲ့သလဲဆိုတာ နားမလည်နိုင်ဘူး။ တကယ်ရူးလောက်ချင်စရာပါ။ ပရိသတ်တွေက အခုလို အောင်ပွဲမျိုးပိုင်ဆိုင်အောင် ကူညီအားပေးခဲ့တာပါ။ ယုံကြည်ချက်မရှိရင် အောင်ပွဲဆိုတာမရှိပါဘူး။ မန်ယူနိုက်တက်ပရိသတ်တွေက အခုလိုအောင်ပွဲမျိုးနဲ့ ထိုက်တန်ပါတယ်။ သူတို့က ပွဲစဉ်တိုင်း တစ်ခဲနက် အားပေးနေတာပါ" လို့ ယိုဟို စိတ်လှုပ်ရှားစွာပြောတယ်။ မန်ယူနိုက်တက်က လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ အဆိုးရွာဆုံးရပ်တည်မှုနဲ့ ရင်ဆိုင်ရ ဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ အခြားတစ်ဘက်မှာ မန်ယူနိုက်တက်အတွက် မင်္ဂလာရှိမယ့်အောင်ပွဲစောင့် ကြိုနေတယ်။ ယူရိုပါလိဂ်ချန်ပီယံဖြစ်မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်ပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်အသင်း (၇)သင်းအထိ ဆင်နွှဲခွင့်ရဖွယ်ရှိနေတာပါ။

ယူရိုပါလိဂ်ဟာ မန်ယူနိုက်တက်အတွက် အသက်ကယ်ဆေး၊ အာမိုရင်မ်အတွက်အနာဂတ် အာမခံချက်၊ မန်ယူနိုက်တက်ပရိသတ်တွေအတွက် ပျော်စရာသီချင်း၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် မန်ယူနိုက်တက်ရဲ့ဘဏ္ဍာရေးအင်အား ပိုပြီး တည်ငြိမ်လာမယ်။ Adidas ဆီကနေ  စပွန်ဆာကြေး အဖြတ်မခံရတော့ဘူး။ ကွင်းသစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူအသစ်တွေကို ဆွဲဆောင်နိုင်မယ်။ အရေးကြီးဆုံးက ယူရိုပါလိဂ်အောင်ပွဲဟာ မန်ယူနိုက်တက်ကစားသမားတွေရဲ့ သိမ်ငယ်စိတ်ကို ပျောက်ဆုံးစေလိမ့်မယ်။ ဆုဖလားအောင်ပွဲဆိုတာ မန်ယူနိုက်တက်ရဲ့ယဉ်ကျေးမှုပါ။ တန်ဟက်ဂ် လက်ထက် နှစ်ရာသီဆက် ပြည်တွင်းဆုဖလားတွေနဲ့ ဖြေသိမ့်နိုင်ခဲ့တဲ့ မန်ယူနိုက်တက်အတွက် ယူရိုပါလိဂ်သာရခဲ့ရင် သုံးရာသီဆက် ဖလားပိုင်ဆိုင်တဲ့ မှတ်တမ်းကောင်းကို ရပါလိမ့်မယ်။ အခု လောလောဆယ် မန်ယူနိုက်တက်ပရိသတ်တွေက အနာဂတ်အကြောင်း တွေးမနေပါဘူး။  လိုင်ယွန်နဲ့ပွဲက အဖြစ်အပျက်တွေ၊ မှော်ဆန်တာထက်ပိုတဲ့ အောင်ပွဲကို တစိမ့်စိမ့်တွေးပြီး ပီတိဖြစ်နေတယ်။

ဇာတ်လမ်းက မပြီးသေးပါဘူး။ အာမိုရင်မ်ရဲ့ ကပ်ဆိုက်နေတဲ့ရာသီ အဆုံးသတ်လှအောင် ကျော်ဖြတ်ရမယ့် မြင့်မားတောင်တန်း သုံးခုရှိနေတယ်။ ဘီလ်ဘာအိုနဲ့ ဆီမီးဖိုင်နယ်နှစ်ပွဲရယ်၊ စပါးအသင်းနဲ့ရင်ဆိုင်ရဖွယ်ရှိတဲ့ဖိုင်နယ်ပွဲရယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ခေတ္တလွတ်မြောက်ခဲ့ကြပါတယ်။ ကပ်ဘေးမဆုံးသေးပေမဲ့ ပျော်ရွှင်မိတဲ့ လူအုပ်ကြီးကို နားလည်ခွင့်လွှတ်ပေးစေချင်ပါ တယ်။ အမှောင်ခေတ်ထဲ အလင်းတစ်စဖြစ်လို့ ကြည်နူး မိပါတယ်။ ကျမျက်ရည်မခြောက်သေးပေမဲ့ ပျော်ရွှင်စွာ ရယ်မောမိပါတယ်။ ငိုတယ်ဆိုတာ ရယ်ခြင်းတစ်မျိုး မဟုတ်လား။

Most Read

Most Recent