ဘရန့်ဖို့ဒ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ည ၇:၃၀ နာရီ)
ချယ်လ်ဆီးက ရာသီကုန်ခါနီးမှာ အမှားအရမ်းများနေတယ်။ ခြေစွမ်းပိုင်းက သိသိသာသာကျဆင်းသွားတယ်။ အထူးသဖြင့် အရင်ကလို တိုက်စစ်ပိုင်းကတော့ စိတ်မချရတော့တဲ့ အနေအထားဖြစ်နေတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံတဲ့ အခြေအနေမှာ ကိုးလ်ပါမာဆီက ပုံစံကောင်းကို မရရှိတာကလည်း ချယ်လ်ဆီးအတွက် နစ်နာတယ်။ ဘရန့်ဖို့ဒ်က အားကောင်းပြီး မာကျောတဲ့အသင်းပါ။ အိမ်ကွင်းမှာ ချယ်လ်ဆီးဆီက အမှတ်ယူဦးမှာပဲ။
ဖူလ်ဟမ် - လီဗာပူးလ် (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ည ၇:၃၀ နာရီ)
ဖူလ်ဟမ်အသင်းက အိမ်ကွင်းမှာ ရလဒ်ကောင်းလေ့ရှိတဲ့အသင်းဖြစ်သလို အစဉ်အလာအားဖြင့်လည်း လီဗာပူးလ်အသင်းကို အခက်တွေ့အောင်ကစားတတ်တဲ့အသင်းမျိုးဖြစ်တယ်။ ဒါပေမဲ့ လက်ရှိ ဖူလ်ဟမ်အသင်းက ခြေနည်းနည်းကျနေတာတော့ တွေ့ရတယ်။ တိုက်စစ်ပိုင်းက ဂိုးရဖို့ နည်းနည်းလေး ပိုခက်လာပြီး အီဝိုဘီရဲ့ စွမ်းဆောင်ရည်လည်း အကောင်ဆုံးပုံစံကနေ ပြန်ကျလာတာကို တွေ့ရတယ်။ လီဗာပူးလ်ကတော့ အမှတ်ပေးချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်တစ်ခုတည်း ရှိတော့တဲ့အချိန်မှာ အမှတ်ပေးဖလားကို အရယူဖို့ လိဂ်ပွဲတိုင်းကို အပြည့်အဝ အာရုံစိုက်တော့မှာဖြစ်တယ်။ ပွဲစဉ်အနေအထားအရလည်း လုံလောက်တဲ့ နားရက်တွေနဲ့ အားကောင်းတဲ့၊ လန်းဆန်းတဲ့အသင်းကို အပတ်တိုင်း သုံးနိုင်တော့မယ်လို့ ပြောလို့ရတယ်။ အဝေးကွင်းဖြစ်နေတာကြောင့် ဖူလ်ဟမ်ကွင်းမှာ အတိုင်းအတာတစ်ခုအထိ ရုန်းကန်ရနိုင်ပေမယ့် နောက်ဆုံးမှာတော့ လိုအပ်နေတဲ့ (၃) မှတ်ကို အရယူသွားလိမ့်မယ်ထင်တယ်။
စပါး - ဆောက်သမ်တန် (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ည ၇:၃၀ နာရီ)
စပါးအသင်းကလည်း ဒီရာသီမှာ ယူရိုပါလိဂ်ချန်ပီယံဖြစ် ရေးကိုပဲ အဓိကထားကစားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကိုတော့ ခြေသွေးရုံ၊ ခြေနွှေးရုံပဲ ကစားလိမ့်မယ်ထင်တယ်။ အဲ့ဒီလိုပဲ ကစားသင့်တဲ့ အခြေအနေလည်းဖြစ်တယ်။ အဓိကကစားသမား တွေလည်း ဒဏ်ရာမရအောင် ထိန်းကစားလိမ့်မယ်လို့ ယူဆရ တယ်။ ဆောက်သမ်တန်ကတော့ တန်းဆင်းဖို့ သေချာနေပါပြီ။ ဒီပွဲက စပါးမရှုံးအောင်တော့ ကစားနိုင်တယ်။
မန်စီးတီး - မန်ယူနိုက်တက် (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ည ၁၀:၀၀ နာရီ)
မန်ယူနိုက်တက်က ပုံမှန်အားဖြင့်တော့ မန်စီးတီးကို အိမ်ကွင်း၊ အဝေးကွင်းမရှောင် ရုန်းကန်ရလေ့ရှိတဲ့အသင်းဖြစ်တယ်။ ဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်းကာလတွေနဲ့ အထူးသဖြင့်တော့ ဂွါဒီယိုလာ မန်စီးတီးနည်းပြဖြစ်လာပြီးချိန်ကတည်းကဆိုရင် ဒီနှစ်သင်းကြား ထိပ်တိုက်တွေ့ဆုံမှုရလဒ်တွေက မမျှတဘူးလို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ နောက်ဆုံး (၃) ပွဲတွေ့ဆုံမှုမှာတော့ မန်ယူနိုက်တက်က မန်စီးတီးကို ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး အဲ့ဒီ (၃) ပွဲထဲမှာ ဒီရာသီ အစ်တီဟတ်မှာကစားခဲ့တဲ့ ပထမအ ကျော့ပွဲစဉ်လည်း ပါဝင်တယ်။ ရူဘင်အမော်ရင်အနေနဲ့ဆိုရင်လည်း ဂွါဒီယိုလာရဲ့ မန်စီးတီးကို နောက်ဆုံး တွေ့ဆုံမှု နှစ်ကြိမ် စလုံးအနိုင်ရထားတယ်။ စပို့တင်းလစ္စဘွန်းအတွက် (၄-၁) ဂိုးနဲ့ နိုင်ခဲ့သလို၊ မန်ယူနိုက်တက်နဲ့လည်း အစ်တီဟတ်မှာပါအနိုင်ရခဲ့တာဖြစ်တယ်။ ဒါကြောင့် လက်ရှိ အိုးလ်ထရက်ဖို့ဒ်ပွဲမှာလည်း မန်ယူနိုက်တက်က ယုံကြည်မှုအပြည့်နဲ့ ကစားလိမ့်မယ်လို့ ယူဆရတယ်။ ဟော်လန်းသာ ဒဏ်ရာမသက်သာရင် မန်ယူအတွက် ပိုအခွင့်အရေးကောင်းပါတယ်။















