နာမည်ကျော် ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုက မန်စီးတီးနည်းပြ ဂွါဒီယိုလာအား နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်သည် အာဂျင်တီးနားကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဒိုရီဗယ်လ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ယခုအခါ နည်းပြလက်မဲ့ဖြစ်နေသည်။
ထို့ကြောင့် ရော်နယ်လ်ဒိုက မန်စီးတီးနည်းပြ ဂွါဒီယိုလာအား လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်နိုင်ရေးအတွက် ကြိုးပမ်းရန် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာသည် မန်စီးတီးနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးထားသော်လည်း ယခုရာသီကုန်တွင် လမ်းခွဲဖွယ်ရှိကြောင်း သတင်းထွက်နေသည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာအပြင် ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီနှင့် အယ်လ်ဟီလာအသင်းနည်းပြ ဂျီးဆပ်စ်တို့ကိုလည်း ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
ဘရာဇီးလ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု (၅) ကြိမ်အထိ ရရှိထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နောက်ဆုံးအကြိမ် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။















