
အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ချန်ပီ ယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့တွင် မက်ဒရစ်မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ၎င်းတို့အသင်းအနေဖြင့် ကွာတားဖိုင်နယ်တက်ရောက်ရန် အခွင့်အရေး ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
အက်သလက်တီကိုအသင်းသည် မတ်လ(၄) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်၌ ရီးယဲလ်မက်ဒရစ်အသင်းအား အဝေးကွင်းတွင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
အက်သလက်တီကိုအသင်းသည် အဆိုပါပွဲစဉ်၌ ပွဲချိန်(၄)မိနစ်မှာပင် ရီးယဲလ်မက်ဒရစ်အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရကာ နောက်မှလိုက် ကစားခဲ့ရပြီး ပွဲချိန် (၃၂) မိနစ်တွင် အယ်လ်ဗာရက်ဇ်က အက်သလက်တီကိုအတွက် ချေပဂိုးသွင်းယူခဲ့သည်။
သို့သော် အက်သလက်တီကိုအသင်းသည် ဒုတိယပိုင်း (၅၅) မိနစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းကို ဒုတိယဂိုးပေးခဲ့ရပြီး ယင်းဂိုးကို ချေပနိုင်ခြင်းမရှိသောကြောင့် ပွဲအပြီးတွင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်နှင့်ပွဲအပြီးတွင် အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ဦးဆောင်ဂိုး စောစီးစွာပေးခဲ့ရသည့်အတွက် စိတ်ပျက်ရသော်လည်း အသင်း၏စွမ်းဆောင်မှုကို ကျေနပ်ကြောင်း ပြောကြားခဲ့သည်။
ဆီမြွန်နီက ''နည်းစနစ်ပိုင်းအားပြိုင်ရတဲ့ ပွဲဖြစ်ပြီး နှစ်သင်းစလုံး တစ်သင်းကိုတစ်သင်း ဒုက္ခပေးခဲ့ကြပါတယ်။ ရီးယဲလ်က ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ဂိုးကောင်းတစ်ဂိုးလည်း သွင်းယူနိုင်ခဲ့တယ်။ အဲဒီဂိုးမှာ ကျွန်တော်တို့ အားနည်းချက်ရှိခဲ့ပြီး အဲဒီအတွက် အဖြေရှာဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ စောစောစီးစီး ဂိုးပေးခဲ့ရပေမဲ့ အရှုံးမပေးဘဲ အကောင်းဆုံးတိုက်ပွဲဝင်နိုင်ခဲ့တာကတော့ တကယ်ကောင်းပါတယ်''ဟု ပြောကြားခဲ့သည်။
အက်သလက်တီကိုအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့အဖြစ် မတ်လ (၁၂)ရက်တွင် ရီးယဲလ်မက်ဒရစ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။
ဆီမြွန်နီက အဆိုပါပွဲစဉ်တွင် ရီးယဲလ်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်ရန် အခွင့်အရေးရှိနေကြောင်းလည်း ပြောကြားခဲ့သည်။
ဆီမြွန်နီက ''ကျွန်တော်တို့မှာ ကွာတားတက်ရောက်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ နောက်အပတ် ဗုဒ္ဓဟူးညက ကျွန်တော်တို့အတွက် ကောင်းတဲ့ညတစ်ည ဖြစ်လာမှာပါ''ဟု ပြောကြားခဲ့သည်။