FA ဖလားပြိုင်ပွဲတွင် အသုံးပြုနေသည့် ဘောလုံးအား မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ဝေဖန်

FA ဖလားပြိုင်ပွဲတွင် အသုံးပြုနေသည့် ဘောလုံးအား မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ဝေဖန်
Photo: FA
Photo: FA
Published 4 March 2025

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ပက်ဂွါဒီယိုလာသည် ပြီးခဲ့သည့် FA ဖလားပြိုင်ပွဲတွင် မန်စီးတီးအသင်း ဂိုးကန်သွင်းခွင့် အကြိမ် (၂၀) ကျော်ရရှိခဲ့သော်လည်း ဂိုးရရှိရန် ရုန်းကန်ခဲ့ရခြင်းအပေါ် ပြိုင်ပွဲတွင် အသုံးပြုနေသည့် ဘောလုံးအား ဝေဖန်စကားဆိုခဲ့သည်။

ယခုရာသီအစကလည်း အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာတီတာသည် FA ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် FA ဖလားပြိုင်ပွဲတွင် အသုံးပြုနေသည့် Mitre ဘောလုံးအား ဝေဖန်စကားဆိုခဲ့ပြီး ယခုအချိန်တွင်လည်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကပါ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းဘောလုံးနှင့် ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေသည့် ဂွါဒီယိုလာက ''ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသုံးပြုနေတဲ့ ဘောလုံးက အရမ်းကို ကောင်းပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသုံးပြုနေတဲ့ ဘောလုံးကလည်း အရမ်းကို ကောင်းပါတယ်။ ဒါပေမဲ့ ဒီဘောလုံးကတော့ မဟုတ်ပါဘူး။ ထိန်းသိမ်းရတာလည်း တော်တော်လေး ခက်ခဲပါတယ်''ဟု ပြောကြားခဲ့သည်။

''ခင်ဗျားအသင်းက ရှုံးနေချိန်မှာ ဒီလိုစကားမျိုးကို ပြောရင် ဒါက အကြောင်းပြချက်ပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဘောလုံးကတော့ တကယ်ကို မမှန်ကန်တာပါ။ FA ဖလားနဲ့ Carabao ဖလားပြိုင်ပွဲတွေဆိုရင် ကျွန်တော်တို့ အမြဲတမ်း ဒီလိုမျိုး ကြုံတွေ့ရပါတယ်။ ဒါက စီးပွားရေးဆိုတာလည်း ကျွန်တော် သိပါတယ်။ ငွေကြေးကြောင့် ဒီဘောလုံးကို သုံးဖို့ သူတို့ သဘောတူညီမှု ယူထားတာပါ။ ဘားတန်းပေါ်ကနေ ကျော်ထွက်သွားတဲ့ ဘောလုံးတွေကို ကြည့်ပါ။ တခြားပွဲတွေမှာသာဆိုရင် ဒီဘောလုံးတွေက ဂိုးထဲကို ဝင်သွားမှာပါ''ဟုလည်း ဂွါဒီယိုလာက ပြောကြားခဲ့သည်။

FA ဘက်ကမူ ''Mitre ဘောလုံးတွေကို FA ဖလားပြိုင်ပွဲနဲ့ တခြားသော FA က ကြီးမှူးကျင်းပနေတဲ့ ပြိုင်ပွဲတွေမှာ အသုံးပြုနေပါတယ်။ ဘောလုံးအားလုံးဟာ ပရော်ဖက်ရှင်နယ်ဂိမ်းတွေအတွက် ဖီဖာက သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံတဲ့ဘောလုံးတွေချည်းပါပဲ။ လိုအပ်တဲ့ စစ်ဆေးမှုတွေလည်း အားလုံးလုပ်ထားပြီးသားပါ။ ဒီရာသီ FA ဖလားပြိုင်ပွဲမှာ ဂိုးပေါင်း (၃၅၀) ကျော် သွင်းထားပြီး ဒီပြိုင်ပွဲဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်''ဟု ထုတ်ပြန်ခဲ့သည်။ 

Most Read

Most Recent