
ဂိုးသမားများ ဘောလုံးကို ရှစ်စက္ကန့်ထက်ကြာအောင် ကိုင်ထားပါက ပြိုင်ဘက်အသင်းအား ထောင့်ကန်ဘောပေးမည့် ဥပဒေသစ်ကို နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB)က ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မတ် ၁ ရက်က မြောက်အိုင်ယာလန်နိုင်ငံ၌ ကျင်းပသည့် IFAB နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ဥပဒေသစ်ကို ကန့်ကွက်သူမရှိဘဲ အားလုံးတညီတညွတ် တည်းထောက်ခံမှုဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
လက်ရှိကျင့်သုံးနေသည့် ဥပဒေအရ ဂိုးသမားများအနေဖြင့် ဘောလုံးကို ခြောက်စက္ကန့်ထက်ကြာအောင် ကိုင်ထားပါက ပြိုင်ဘက်အသင်းအား တိုက်ရိုက်ကန်သွင်းမှု မဟုတ်သည့် ပြစ်ဒဏ်ဘောပေးရန် သတ်မှတ်ထားသည်။
ယင်းအချက်မှာ ဂိုးသွင်းယူနိုင်ရန် အခွင့်အလမ်းများသောကြောင့် အသစ်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ရှစ်စက္ကန့်ထက်ကြာအောင် ကိုင်ထားပါက ပြိုင်ဘက်အသင်းအား ထောင့်ကန်ဘောကန်ခွင့်ပြုမည်ဖြစ်သည်။
ထို့ပြင် ဒိုင်လူကြီးက ပြစ်ဒဏ်မပေးမီ ငါးစက္ကန့်ရေတွက်နေပြီဖြစ်ကြောင်း ဂိုးသမားကို သတိပေးရမည်ဖြစ်သည်။
အဆိုပါဥပဒေသစ်ကို ဇူလိုင်တွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး ၂၀၂၅ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ပထမဆုံးအကြိမ် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
ဥပဒေသစ်မပြဋ္ဌာန်းမီ ပရီးမီးယားလိဂ်-၂၊ မော်လ်တာနှင့် အီတလီနိုင်ငံရှိ ဘောလုံးပြိုင်ပွဲများတွင် ပွဲစဉ် ၄၀၀ ကျော် စမ်းသပ်အသုံးပြုခဲ့သည်။
ယင်းသို့စမ်းသပ်ရာတွင် ထောင့်ကန်ဘော သုံးကြိမ်သာ (ပရီးမီးယားလိဂ်-၂ တွင်)ခွင့်ပြုရသည်အထိ အောင်မြင်မှုရရှိထားသည်။