မြဝတီမြို့ခံတွေ ကြုံတွေ့နေရတဲ့ စက်သုံးဆီဒုက္ခ

မြဝတီမြို့ခံတွေ ကြုံတွေ့နေရတဲ့ စက်သုံးဆီဒုက္ခ
မြဝတီမြို့ရှိ ပုံမှန်စျေးဖြင့် စက်သုံးဆီရောင်းချပေးသည့် ဆီဆိုင်တစ်ဆိုင်၌ ဆီတန်းစီနေသူများကို တွေ့ရစဉ်
မြဝတီမြို့ရှိ ပုံမှန်စျေးဖြင့် စက်သုံးဆီရောင်းချပေးသည့် ဆီဆိုင်တစ်ဆိုင်၌ ဆီတန်းစီနေသူများကို တွေ့ရစဉ်
Published 17 February 2025
တိုးဝေဖြိုး

မြဝတီမြို့ခံတွေဟာ စက်သုံးဆီနဲ့ပတ်သက်လို့ နေ့စဉ်ရက်ဆက် ဒုက္ခတွေကို ကြုံတွေ့ ဖြတ်သန်းနေကြရပါတယ်။

လျှပ်စစ်မီးမရတာ နှစ်နှစ်ကျော်ရှိနေပြီဖြစ်တဲ့ မြန်မာ-ထိုင်းနယ်စပ်က မြဝတီမြို့မှာ လျှပ်စစ်မီးအတွက် ထိုင်းနိုင်ငံဘက်က တင်သွင်းတဲ့ စက်သုံးဆီ၊ ဂက်စ်နဲ့ ဆိုလာတွေအတွက် အစားထိုး ဖြေရှင်းနေရတာပါ။

ဒါပေမဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ ကျားဖျန့်လုပ်ငန်းတွေ နှိမ်နင်းဖို့ရည်ရွယ်ပြီး ထိုင်းဘက် က တာချီလိတ်မြို့၊ မြဝတီမြို့နဲ့ ဘုရားသုံးဆူမြို့ အပါအဝင် ထိုင်း- မြန်မာနယ်စပ်တစ်လျှောက် က မြို့တွေကို လျှပ်စစ်မီး ဖြတ်တောက်တာ၊ စက်သုံးဆီနဲ့ ဂက်စ် တင်သွင်းခွင့် ပိတ်ပင်တာ တွေ ပြုလုပ်ခဲ့ပါတယ်။

တိုက်ပွဲ‌များကြောင့် မြဝတီ-ကော့က ရိတ် အာရှလမ်းမကြီး အသုံးပြုခွင့်မရတဲ့အ တွက် ပြည်တွင်းက စက်သုံးဆီအပါအဝင် ကုန် ပစ္စည်း မဝင်တဲ့ မြဝတီမြို့ဟာ ထိုင်းဘက်က စက်သုံးဆီနဲ့ ဂက်စ်တွေ ဖြတ်တောက်လိုက် အပြီးမှာတော့ ဒုက္ခနဲ့ စီးချင်းထိုးနေရတဲ့ နေ့ ရက်တွေကို ရင်ဆိုင်နေရပါတယ်။

ထိုင်းက ဘာတွေ ကန့်သတ်လိုက်သလဲ

မြန်မာ- ထိုင်းနယ်စပ်တစ်လျှောက် ကျားဖျန့်လုပ်ငန်းများ နှိမ်နင်းဖို့ဆိုပြီး ဖေဖော်ဝါရီ ၅ ရက်ကစလို့ ထိုင်းဘက်က မြဝတီမြို့ကို လျှပ်စစ်မီး ဖြတ်တောက်ခဲ့သလို ဖေဖော်ဝါရီ ၆ ရက်မှာ စက်သုံးဆီနဲ့ ဂက်စ်တင်ပို့မှုကို ထိုင်းအစိုးရက ထပ်မံ ဖြတ်တောက်ခဲ့ပါတယ်။

ဒါ့အပြင် ကျားဖျန့်လုပ်ငန်း‌တွေကို နှိမ်နင်းဖို့ရည်ရွယ်ပြီး မိုဘိုင်းဖုန်း၊ ဘက်ထရီ၊ အင်ဗာတာ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာ၊ CABLE, HARDWARE, SOFT WARE, လိမ်လည်သူတွေနဲ့သက်ဆိုင်တဲ့  ကုန်ပစ္စည်း နဲ့ အင်ဂျင်ဝိုင်တို့ကို ထိုင်းဘက်က ထပ်တိုး ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။

စက်သုံးဆီအခက်အခဲ ကြုံနေရတဲ့ မြဝတီမြို့ခံတွေ

ထိုင်းနိုင်ငံဘက်က စက်သုံးဆီနဲ့ ဂက်စ် တင်သွင်းခွင့် ဖြတ်တောက်ခဲ့ပြီးနောက်မှာ မြဝတီဒေသခံတွေဟာ စက်သုံးဆီရရှိဖို့ နေ့စဉ် လုံးပန်းနေရပါတယ်။ အိမ်သုံးလျှပ်စစ် လိုအပ်ချက်ကစပြီး အသေးစား၊ အလတ်စားနဲ့ စီးပွားရေးလုပ်ငန်း‌တွေအတွက် စက်သုံးဆီ ဟာ နေ့စဉ်လိုအပ်ချက်ဖြစ်နေတဲ့အတွက် ထောင်နဲ့ချီတဲ့ လူတွေဟာ စက်သုံးဆီရရှိဖို့ ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းနေကြပါ တယ်။ ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းနေ ပေမဲ့ ဆီဆိုင်တွေက အရင်လို မဖွင့်နိုင်တော့ ပါဘူး။

အရင်က မြဝတီမြို့မှာ စက်သုံးဆီဆိုင် ၄၀ ဝန်းကျင်ရှိပေမဲ့ အခုချိန်မှာတော့ တစ်ရက် ကို သုံးဆိုင်ဝန်းကျင်သာဖွင့်ပြီး တချို့ရက်တွေ ဆို တစ်ဆိုင်မှ မဖွင့်နိုင်တဲ့ အခြေအနေဖြစ်နေ တာကြောင့် စက်သုံးဆီလိုအပ်ချက်ဟာ မြင့် တက်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“ကျွန်တော်တို့ မြဝတီမြို့ကို ထိုင်းဘက် က စက်သုံးဆီနဲ့ ဂက်စ်ဖြတ်လိုက်တဲ့အခါ မြို့ခံ တွေ အဓိကခံစားရတာက စက်သုံးဆီ ပြတ်လပ်မှုပြဿနာကို အဓိက ခံစားရပါတယ်။ အခုက စက်သုံးဆီကို ခွဲတမ်းသဘောမျိုးနဲ့ မရတဲ့အပြင် ဆိုင်ကယ်တစ်စီးကို ကျပ်ငါး ထောင်ဖိုးလောက် ထည့်ဖို့၊ ကားတစ်စီးကို နှစ်သောင်း၊ သုံးသောင်းဖိုးလောက် ထည့်ဖို့ကိုပဲ အခက်အခဲဖြစ်နေတယ်။ ဆီဆိုင်အတော် များများလည်း ပိတ်ထားတယ်။ ပိတ်ထားလို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ရတယ်ဆိုလို့ ကမ်း ကူးပြီး သွားဝယ်တဲ့အခါမှာလည်း ကြားရတဲ့ သတင်းအရ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန် မာကားတစ်စီးကို ဘတ် ၅၀၀ ဖိုးပဲ ရတယ်ဆို တဲ့သတင်းတွေ ကြားရပါတယ်။ အဲဒီအတွက် မြဝတီပြည်သူတွေက ရှေ့ဆက်ပြီး စက်သုံးဆီ က ထိုင်းဘက်ကလည်း ဝင်လာမယ့်အခြေ အနေ မရရှိဘူး။ ပြည်တွင်းဘက်ကလည်း ဝင် လာမယ့်အခြေအနေမျိုးတွေမှာ ရှေ့ဆက်ပြီး ဒုက္ခနဲ့ကြုံတွေ့ရမယ့် အခက်အခဲတွေက များ ပါတယ်။ စားသောက်ကုန်တွေ သယ်ယူမယ့် ကားတွေက စက်သုံးဆီအခက်အခဲကြောင့် ရပ်ထားရနိုင်တဲ့အခြေအနေမို့လို့ ပြည်သူတွေ အတွက် အများကြီး အခက်အခဲရှိနေပါတယ်” လို့ မြဝတီဒေသခံ ကိုသူရိန်ထွန်းက ပြောပါ တယ်။

စက်သုံးဆီအခက်အခဲ နောက်ဆက်တွဲဒုက္ခများ

မြဝတီမြို့တွင်းက စက်သုံးဆီဆိုင်တွေမှာ ဆီဝယ်မရတဲ့အချိန် ဒေသခံအချို့ဟာ ပြင်ပဆီရောင်းချသူတွေနဲ့ မဲဆောက်မြို့က ထိုင်းနိုင်ငံ ဆီဆိုင်တွေကို အားကိုးပြီး ဝယ်ယူ နေရပါတယ်။

ဒီလိုအ‌ခြေအနေကြောင့် စက်သုံးဆီ ဆိုင်ဖွင့်တဲ့ရက်တွေဆို မြဝတီမြို့မှာ စက်သုံးဆီ တစ်လီတာ ကျပ် ၃၉၅၀ ဝန်းကျင်နဲ့ ဝယ်ယူလို့ ရပေမဲ့ ဆီဆိုင်အများစု ပိတ်ထားချိန်မှာတော့ ပြင်ပစက်သုံးဆီပေါက်စျေး တစ်လီတာကို ကျပ် ၁၅၀၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိနေ ပါ တယ်။

မဲဆောက်မြို့ဘက်ကနေ ဝယ်မယ်ဆိုရင် စက်သုံးဆီတစ်လီတာ ဘတ် ၄၀ ( ၅၂၀၀ ကျပ်) ရှိပေမဲ့ ပမာဏအကန့်အသတ်နဲ့သာ ဝယ်ယူ လို့ရသလို သွားရောက်ဝယ်ယူသူ အများစုဟာ ပြင်ပစျေးကွက်ထဲ ‌ပြန်ရောင်းဖို့ ဝယ်ယူတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါပေ မဲ့ မဲဆောက်မြို့မှာ စက်သုံးဆီရရှိဖို့ သေချာ တာကြောင့် မြဝတီ-မဲဆောက် နှစ်နိုင်ငံချစ် ကြည်ရေးတံတား ပိတ်သွားတဲ့အထိ စက်သုံး ဆီကို တိုးကြိတ်ဝယ်ယူနေရတဲ့အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဂက်စ်ပြတ်လပ်မှုကြောင့် မြဝတီ မြို့က အိမ်ရှင်မတွေပါ အခက်အခဲကြုံနေရပြီး အရင်က ဂက်စ်အိုးသေးကို ကျပ် ၂၀၀၀၀ နဲ့ ဝယ်ယူလို့ရပေမဲ့ လက်ရှိမှာ ကျပ် ၄၈၀၀၀ ရှိနေပါတယ်။

“ကျွန်မတို့ မြဝတီမြို့မှာ လျှပ်စစ်မီးမရ တဲ့အတွက် ဆိုလာသုံးသူလည်းရှိတယ်။ မီးစက် မောင်းနေတဲ့လူတွေလည်း ရှိတယ်။ အဓိကက စက်သုံးဆီကို မှီခိုနေရတဲ့ အခြေအနေ ဖြစ်နေ တယ်။ အခုစက်သုံးဆီတွေ အဆမတန်စျေး တက်သွားတဲ့အချိန်မှာ ကျွန်မတို့အိမ်ရှင်မ တွေအနေနဲ့ ဝင်ငွေနဲ့ထွက်ငွေကို ချိန်ရတာ လည်းရှိတယ်။ အရင်တုန်းက စက်သုံးဆီဟာ မိသားစုသုံးအတွက် ကျပ်တစ်သောင်းဖိုးဆို ရင် ကျွန်မတို့ မိသားစုအတွက် တစ်ရက်လုံး သုံးဖို့ လုံလောက်တယ်။ ကလေးတွေကို မြို့ထဲ ကျောင်းနှစ်ကြိမ်ပို့ရတယ်။ အသွားအပြန် လေးခေါက်ပေါ့။ ပြီးရင် အိမ်မှာ မီးစက်မောင်း တာနဲ့ တစ်သောင်းဖိုးဆိုရင် တစ်ရက်လောက် တယ်။ အခုကျတော့ လွယ်လွယ်ကူကူ ဝယ်မရ ဘူး။ ဟိုဆိုင်ဒီဆိုင် ဖွင့်တယ်ဆိုလို့ တန်းစီဝယ် ဖို့အတွက်ကျလည်း ကလေးကျောင်းပို့ အပါ အဝင် တခြားအိမ်ကိစ္စတွေနဲ့ အချိန်မပေးနိုင် ဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်မတို့က စက် သုံးဆီရနိုင်တဲ့လူတွေ (ပြင်ပစက်သုံးဆီရောင်း သူတွေ) ဆီက အဆမတန်စျေးနဲ့ ဝယ်ရမယ်ဆို ရင် ကျွန်မတို့ရဲ့ ဝင်ငွေနဲ့ ထွက်ငွေက မမျှတဲ့ အခြေအနေပါ။ အခု မြဝတီမြို့မှာ တစ်ပတ် ၁၀ ရက်လောက်မှာပဲ အိမ်ရှင်မတွေဟာ ခေါင်းကိုက်ရတဲ့ အခြေအနေဖြစ်နေတာပါ”လို့ မြဝတီမြို့မှာ နေထိုင်တဲ့ သားသည်မိခင် အိမ်ထောင်ရှင်မတစ်ဦးဖြစ်သူ မမာအေးက ပြောပါတယ်။

စက်သုံးဆီပြတ်လပ်မှု အခက်အခဲက အခြေခံပြည်သူအပေါ် လူမှုဒုက္ခပိုမိုကြီးထွား စေသလို စီးပွားရေးလုပ်ငန်းရှင်တွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။ စက်သုံးဆီ အခက်အခဲကြောင့် အသေးစား၊ အလတ်စားနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့ ရုန်းကန် နေရပြီး လုပ်ငန်းရပ်တန့်ရမယ့် အခြေအနေ ကို ရင်ဆိုင်နေရပါတယ်။

ဥပမာ  အရင်ကဆို သဲကားတစ်ကျင်းရဲ့ တန်ဖိုးက ကျပ် ၄၅၀၀၀ နဲ့ ရှိပေမဲ့ ဆီပြတ်ပြီး တဲ့နောက် ကျပ် ၈၅၀၀၀၊ ၁၀၀၀၀၀ ကနေ ကျပ် ၁၃၀၀၀၀ အထိ‌ ‌စျေးတက်သွားခဲ့ပါ တယ်။ ဒါ့အပြင် စက်သုံးဆီနဲ့ အသုံးပြုလည် ပတ်ရတဲ့ ပရိဘောဂလုပ်ငန်းတွေ၊ အိမ်တွင်းမှု အသေးစားအထည်ချုပ်စက်ရုံတွေဟာ စက် သုံးဆီ အခက်အခဲကြောင့် လက်ကျန်ဆီကုန် ရင် လုပ်ငန်းရပ်ရတော့မယ့် အခြေအနေမျိုး မှာ ရှိနေပါတယ်။ ဒီအခြေအနေမှာ လုပ်ငန်း ရပ်တန့်သွားနိုင်တာမို့လို့ ဝန်ထမ်းတွေအ တွက် စိုးရိမ်ကြောင်း လုပ်ငန်းရှင်တချို့က ထုတ်ဖော်ပြောဆိုပါတယ်။

“အခုဆိုရင် စက်သုံးဆီ တစ်ပီပါကို ဘတ် ၂၉၀၀၀ ဝန်းကျင်နဲ့ ရောင်းနေပါတယ်။ ဒါ့ ကြောင့် ဒီစျေးနဲ့ဆိုရင် ဝယ်မသုံးနိုင်တော့ဘူး။ လက်ရှိကျန်နေသေးတဲ့ စက်သုံးဆီနဲ့တော့ အလုပ်လုပ်နေတာပေါ့။ နောက် လေး၊ ငါး၊ ၁၀ ရက်ဆိုရင် ဆီက မရှိတော့ဘူး ကုန်ပြီ။  ဒါ ကြောင့် ညီမဆီမှာရှိတဲ့ ဝန်ထမ်းတွေ၊ မိသားစု တွေက အခက်အခဲဖြစ်ရပါတော့မယ်။ အခု ဆိုရင် အလုပ်က ကလေးတွေ စိတ်သောက ရောက်နေတာပေါ့နော်။ စက်သုံးဆီသာ မရ နိုင်သေးဘူးဆိုရင် သူတို့တွေ အလုပ်လက်မဲ့ ဖြစ်ရတော့မယ်” လို့ မြဝတီမြို့မှာ အသေးစား အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

သေလူအတွက် လွမ်းဖို့အချိန်မရှိ

မြဝတီမြို့ရဲ့ စက်သုံးဆီ ပြတ်လပ်မှုဟာ သာမန် နေမှုထိုင်မှု၊ စီးပွားရေးလုပ်ငန်းတွေ အပေါ် သက်ရောက်မှုရှိနေသလို လူတစ်ဦးရဲ့ သေခြင်းတရား နောက်ဆက်တွဲကိစ္စတွေအထိ ပါ သက်ရောက်နေပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် မြဝတီမြို့ ဆေးရုံတွေမှာ လျှပ်စစ်မီးပြတ်တောက်မှု မရှိ သေးပေမဲ့ လူနာတွေကို ကူညီပေးနေတဲ့ ပရ ဟိတအသင်းတွေမှာတော့ စက်သုံးဆီ အခက် အခဲကို ခါးစည်းခံနေရပါပြီ။ လူနာရှိတယ်။ ကူညီသယ်ဆောင်စရာ မော်တော်ယာဉ် ရှိပေ မဲ့ စက်သုံးဆီပြဿနာကြောင့် ယာဉ်မထွက် နိုင်တဲ့အတွက် ပရဟိတကူညီသူတွေ အခက် ကြုံနေရပါတယ်။

“ထိုင်းဘက်က စက်သုံးဆီဖြတ်လိုက် တာကြောင့် ကျွန်တော်တို့အသင်းမှာ ဆီအ ခက်အခဲ ဖြစ်နေတယ်။ အသင်းအနေနဲ့ ဆီ လိုက်ထည့်တယ်။ လုံးဝအဆင်မပြေဘူး။ ကျွန်တော်တို့အသင်းက အခမဲ့ကူညီတာဖြစ် လို့ ဒီငွေကို ကိုယ်ပိုင်ပိုက်ဆံနဲ့ ဝယ်ယူရတာ ပါ။ ဒါပေမဲ့ ဝယ်လို့မရပါဘူး။ အခုလူနာတွေ မှာ အခက်အခဲ ဖြစ်လာပြီ။ အခုဆိုရင် ဘယ် လိုအခြေအနေမျိုးလဲဆိုတော့ လူနာတွေ တကယ်ဒုက္ခခံစားနေတာကို ထိုင်ကြည့်နေရ တယ်။ လက်ရှိဖြစ်နေတာက သူတို့သေမှာကို ထိုင်ကြည့်နေရတဲ့အနေအထား ဖြစ်နေတယ်။ ဘာမှမကူညီပေးဘူး။ ဆီကလည်း တစ်နေ့တစ် နေ့ မတရားတက်နေလို့ ကျွန်တော်တို့မှာ အခက်အခဲဖြစ်နေတယ်” လို့ မြဝတီမြို့က            “အနှိုင်းမဲ့မေတ္တာ” ပရဟိတအသင်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးကိုကိုဦးက ပြောပါတယ်။

ဒီလို လူနာတွေကိုကူညီလို့ မရတဲ့အခြေ အနေရှိနေတဲ့အပြင် နာရေးကိစ္စတွေမှာပါ ကူညီရခက်လာပါတယ်။ မြဝတီမြို့မှာ လူတစ် ဦး ကွယ်လွန်တဲ့အခါ ပုံမှန်အားဖြင့် သုံးရက် ထားပေမဲ့ လက်ရှိမှာတော့ စက်သုံးဆီအခက် အခဲကြောင့် နာရေးကို နေ့ချင်းသင်္ဂြိုဟ်နေရ တယ်လို့ အနှိုင်းမဲ့မေတ္တာပရဟိတအသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုဦးက ပြောပါတယ်။

“လူတစ်ယောက်သေသွားရင် သုံးရက် ထားကြတယ်။ ရေခဲတိုက်က ဓာတ်ဆီနဲ့ မောင်း ရတယ်။ အချိန်ပြည့်မဟုတ်ရင်တောင် လေး နာရီခြား တစ်ခါ၊ နှစ်နာရီခြား တစ်ခါ မောင်း တယ်။ အဲဒီတုန်းက ဆီဝယ်လို့ရတဲ့အတွက် အဆင်ပြေတယ်။ အခုက လူက ချက်ချင်းသေ၊ ချက်ချင်းချနေရတယ်။ ဒီနေ့သေ၊ မနက်ဖြန်ချ ပဲ။ လွမ်းဖို့အချိန်မရဘူး။ အခုဆိုရင် နာရေး ကားတွေက ဆီအခက်အခဲဖြစ်နေတော့ နောက် ဆိုရင် နာရေးကို ထမ်းပြီးချရမယ့်အခြေအနေ ဖြစ်နေတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒေသခံတွေရဲ့ တောင်းဆိုချက်

ထိုင်းဘက်က စက်သုံးဆီတင်သွင်းမှု ရပ်ဆိုင်းလိုက်တာကြောင့် မြဝတီမြို့နယ်/ ခရိုင်ထဲက ပြည်သူတွေ အခက်အခဲများစွာ ဖြစ်ပေါ်နေတဲ့အတွက်  ပြည်တွင်းမှ စက်သုံး ဆီရရှိဖို့ မြဝတီမြို့မိမြို့ဖတွေနဲ့ ဒေသခံတွေက အစည်းအဝေးပြုလုပ်ပြီး သက်ဆိုင်ရာဌာန အသီးသီးက တာဝန်ရှိသူ‌တွေကို အချက်လေး ချက် မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။

အဲဒီအချက်တွေထဲမှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး အမြန်ဆုံးပြန်လည်ဖွင့် ပေးနိုင်ဖို့အတွက် ကရင့်လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးက ခေါင်းဆောင်ကြီးတွေအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့၊  စက်သုံးဆီ ပြန်လည် ရရှိဖို့ နိုင်ငံတော်အစိုးရအဖွဲ့နဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့က အမြန်ဆုံး ကူညီဆောင်ရွက် ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ပြည်တွင်းထုတ်ကုန်တွေ မြဝတီ မြို့ကို အဆင်ပြေချောမွေ့စွာ သယ်ဆောင်နိုင် ရေး ကရင့်လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးက ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့နဲ့  လူကုန်ကူး ခံရသူတွေ၊ ကျားဖျန့်ခေါ် ငွေလိမ်ဂိုဏ်းတွေကို နိုင်ငံတော်အစိုးရအဖွဲ့နဲ့ ကရင့်လက်နက်ကိုင် တပ်ဖွဲ့တွေက အမြန်ဆုံးဖော်ထုတ် အရေးယူ ပေးဖို့ စတဲ့အချက်တွေပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိမှာ မြဝတီမြို့ခံ တွေအနေနဲ့ စက်သုံးဆီ ပြတ်လပ်မှုရဲ့ ဒဏ်ကို နေ့စဉ်နဲ့အမျှ ခံစားနေရဆဲဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့်လည်း မြဝတီမြို့ခံ တွေဟာ နောက်ဆက်တွဲလူမှုဒုက္ခ အခက်အခဲ ပေါင်းစုံနဲ့ နေ့စဉ်လို စီးချင်းထိုးနေရပါတယ်။

ဒီလိုဒုက္ခတွေကနေ ကင်းလွတ်နိုင်ဖို့ ဆိုရင် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ အစိုးရတို့က အမြန်ဆုံးလုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ဆောင်ပေးဖို့ လို နေပြီလည်းဖြစ်ပါတယ်။ ဒါကြောင့် မြဝတီ မြို့ခံတွေရဲ့ တောင်းဆိုချက်အပေါ်မှာ သက် ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရတို့ ဘယ်လိုလုပ်ဆောင်ပေးမလဲဆိုတာ ကို ဆက်လက်စောင့်ကြည့်ရုံသာရှိပါတယ်။

Most Read

Most Recent