အိန္ဒိယအစိုးရက ကာလကြာရှည် ပုန် ကန်ထကြွနေမှုများကို နှိမ်နင်းရန် အရှိန်တိုး မြှင့်လုပ်ဆောင်လာခဲ့ပြီးနောက်ပိုင်း လူသေဆုံးမှုအများဆုံး တိုက်ပွဲများမှတစ်ခုဖြစ်သည့် ဖေဖော်ဝါရီ ၉ ရက်ကတိုက်ပွဲတွင် မော်ဝါဒီသူပုန် ၃၁ ဦးနှင့် အိန္ဒိယကွန်မန်ဒိုနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယင်းပဋိပက္ခတွင် အိန္ဒိယကွန်မန်ဒိုနှစ်ဦး သေဆုံးပြီး နောက်ထပ်လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဆယ်စုနှစ်များစွာကြာ ပုန်ကန်လာသည့် သူပုန်များကြောင့် လူ ၁၀,၀၀၀ ကျော်သေဆုံးခဲ့ပြီး သူပုန်များကမူ ၎င်းင်းတို့သည် အိန္ဒိယ၏ သယံဇာတပေါကြွယ်ဝသော နိုင်ငံအလယ်ပိုင်းရှိဒေသများတွင် အပယ်ခံပြည်သူများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“မော်ဝါဒီသူပုန် ၃၁ ဦးရဲ့အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်”ဟု အကြီးတန်းရဲအရာရှိ ဆန်ဒါရာ့ချ်ပီက အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။
“လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရရှိသွားပါတယ်”ဟု ၎င်းင်းက ထပ်မံပြောကြားခဲ့သည်။
နယ်မြေခံတပ်ဖွဲ့များကို စေလွှတ်ထားပြီး ရဲတပ်ဖွဲ့က ရှာဖွေမှုစစ်ဆင်ရေးများကို လုပ်ဆောင်နေသောကြောင့် သေဆုံးသူအရေအတွက် မြင့်တက်နိုင်ကြောင်း ၎င်းင်းက သတိပေးထားသည်။
“အခင်းဖြစ်ပွားတဲ့နေရာကို နောက်ထပ်တပ်ဖွဲ့တွေ အမြန်ဆုံးစေလွှတ်ထားပါတယ်”ဟု ဆိုသည်။
ရဲတပ်ဖွဲ့က သေဆုံးနေသော သူပုန်များ၏ အလောင်းများမှ ချေမှုန်းရေးရိုင်ဖယ်များနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။
ချာတစ်ဂါပြည်နယ် ဘီဂျာပူအာခရိုင်ရှိ သစ်တောထူထပ်သောနေရာတွင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မော်ဝါဒီသူပုန်များသည် ကွယ်လွန်သူ တရုတ်ခေါင်းဆောင် မော်စီတုံးထံမှ ပြန့်ပွားလာသည့် ကွန်မြူနစ်ဝါဒကို လက်ခံအသိအမှတ်ပြုကာ အစိုးရကို ပြောက်ကျားစနစ်ဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် အိန္ဒိယအလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဆယ်စုနှစ်ချီတိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
“အခုလို မော်ဝါဒီသူပုန်တွေကို တိုက် ခိုက်ချေမှုန်းနိုင်တာဟာ ဒီသူပုန်တွေကင်းစင်တဲ့ အိန္ဒိယနိုင်ငံကြီးကို ဦးတည်နေတဲ့လမ်းကြောင်းမှာ အောင်မြင်မှုကြီးတစ်ခုဖြစ်ပါတယ်”ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ် ရှားက ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ်မတိုင်မီ ပုန်ကန်မှုများကို ချေမှုန်းနိုင်ရန် အစိုးရက မျှော်မှန်းထားသည်ဟု ရှားက လွန်ခဲ့သည့်နှစ်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ်က ချာတစ်ဂါပြည်နယ်တစ်ဝန်းတွင် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုကြောင့် သူပုန် ၂၈၇ ဦးဝန်းကျင် သေဆုံးခဲ့သည်ဟု အစိုးရ၏ အချက်အလက်တွင် ဖော်ပြထားသည်။
ယခုနှစ်တွင် မော်ဝါဒီသူပုန် ၈၀ ကျော် သေဆုံးခဲ့ကြောင်း Press Trust of India သတင်းက ဖေဖော်ဝါရီ ၉ ရက်တွင် ဖော်ပြထားသည်။
မော်ဝါဒီများသည် ဒေသခံပြည်သူများအတွက် မြေယာ၊ အလုပ်အကိုင်များနှင့်ဒေသ၏ ကြီးမားသောသဘာဝသယံဇာတများမှ ဝေစုများကို တောင်းဆိုထားကြသည်။
မော်ဝါဒီသူပုန်များသည် အိန္ဒိယအရှေ့ဘက်နှင့်တောင်ဘက်ရှိ ဝေးလံခေါင်သီသော လူ့အဖွဲ့အစည်းများတွင် လမ်းဖောက်လုပ်ထားပြီး ၂၀၀၀ ပြည့်နှစ် အစောပိုင်းမတိုင်မီအင်အားနှင့် အရေအတွက်များတိုးပွားလာ ခဲ့သည်။ ယင်းနောက် အိန္ဒိယအစိုးရက တပ်ဖွဲ့ပေါင်းသောင်းချီကို စေလွှတ်ကာ သူပုန်များကို နှိမ်နင်းစေခဲ့သည်။
Ref: AFP















