ခြိမ်းခြောက်မှုကြီးမားသည့် ရွှေ့ပြောင်း နေထိုင်သူ ၁၀ ဦးကို ဂွါတာနာမို အကျဉ်းစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ပင်တဂွန်က ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
ကျူးဘားနိုင်ငံရှိ ဂွာတာနာမိုအကျဉ်းစခန်းတွင် ထိန်းသိမ်းခံခဲ့သည့် ထိုရွှေ့ပြောင်းများသည် အလွန်အင်အားကြီးမားသည့် ဒုစရိုက်ဂိုဏ်းဝင်များဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂွာတာနာမိုအကျဉ်းစခန်းတွင် ရွှေ့ပြောင်းနေထိုင်သူ ၃၀၀၀၀ ခန့်ကို ထားရှိရန်အတွက် ပြင်ဆင်မှုများပြုလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ဂွာတာနာမိုအကျဉ်းထောင်သည် အကြမ်းဖက်မှုနှင့်ဆက်နွှယ်သည့် ပြစ်မှုကျူးလွန်သည့် သံသယတရားခံများကို ထိန်းသိမ်းသည့် အကျဉ်းစခန်းဖြစ်ပြီးရွှေ့ပြောင်းများကိုလည်း ထိန်းသိမ်းခဲ့ဖူးသည့် သမိုင်းကြောင်းရှိခဲ့ဖူးသည်။
“ခြိမ်းခြောက်မှုကြီးမားတဲ့ ဒီလူ ၁၀ ယောက်ဟာ ထိန်းသိမ်းရေးစခန်းက အခန်းလွတ်တွေထဲမှာ ထိန်းသိမ်းခံထားရပါတယ်”ဟု ပင်တဂွန်က ပြောကြားခဲ့ပြီး ၎င်းတို့သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဖြစ်သည်ဟု ဆိုသည်။
အမေရိကန်လူဝင်မှုနှင့် အကောက်ခွန်အာဏာပိုင်အဖွဲ့က ထိုလူပုဂ္ဂိုလ်များအား ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံ သို့မဟုတ် သင့်လျှော်သည့် နေရာသို့ မပို့ဆောင်နိုင်မီအချိန်အထိ ၎င်းတို့အား ဘေးကင်းလုုံခြုံစွာ ထိန်း သိမ်းထားရန် အစီအမံများလုပ်ဆောင်နေသည်ဟု ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ လူပုဂ္ဂိုလ် ၁၀ ဦးသည် Trende Aragua အမည်ရှိ ဒုစရိုက်ဂိုဏ်းဝင်များဖြစ်ပြီး ဂွာတာနာမိုအကျဉ်းစခန်းသို့ ဇန်နဝါရီ ၄ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူ တော်သတင်းပြန်ကြားရေးအရာရှိ ကယ်ရိုလိုင်းလက်ဗစ်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့သည် ရွှေ့ပြောင်းနေထိုင်သူမျးအား ဝင်ရောက်စီးနင်းခြင်း၊ ဖမ်းဆီးခြင်း၊ စစ်ဘက်သုံးလေယာဉ်များဖြင့် နေရပ်ပြန်ပို့ခြင်းတို့အပါအဝင် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကို တိုက်ဖျက်သည့်အကြီးစားအားထုတ် ကြိုးပမ်းမှုကို လုပ်ဆောင်နေသည်။
ထရန့်သည် ရွှေ့ပြောင်းအရေးကို နိုင်ငံတကာအဆင့်အထိ ဦးစားပေးကိစ္စအဖြစ် သတ်မှတ်ထားပြီး ရွှေ့ပြောင်းများတင်ဆောင်လာသည့် လေယာဉ်နှစ်စင်းကို ဆင်းခွင့်မပေးခဲ့သည့် ကိုလံဘီယာနိုင်ငံအား ပိတ်ဆို့မှုများ၊ အခွန်တိုးမြှင့်ကောက်ခံမှုများ ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဂွာတာနာမိုအကျဉ်းစခန်းကို ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားအပြီးတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စစ်ပွဲများနှင့် အခြားစစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိသူများကို ထိုအကျဉ်းစခန်းတွင် ထိန်းသိမ်းခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့များကမူ နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဂွာတာနာမိုအကျဉ်းစခန်းနှင့်ပတ်သက် ဝေဖန်ခဲ့ကြသည်။
ထရန့်သည် အမေရိကန်ပြည်ထောင်စုလူဝင်မှုကြီးကြပ်ရေးဥပဒေကြမ်းဖြစ်သည့် Laken Riley Act ကို ဇန် နဝါရီ ၂၉ ရက်တွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်သောကြောင့် ရာဇဝတ်မှုကျူးလွန်သူများဟု စွပ်စွဲ ခံရသော တရားမဝင်ရွှေ့ပြောင်းများကို ပြန်ပို့ရေးအတွက် ဖက်ဒရယ်အာဏာပိုင်များ အနေဖြင့် ပိုမိုကျယ်ပြန့်သော လုပ်ကိုင်ခွင့်အာဏာရှိလာသည်။
ထရန့်၏ဒုတိယသက်တမ်းတွင် ပထမဆုံးအတည်ပြုခဲ့သည့်ပါတီနှစ်ရပ်အတည်ပြုသောအက်ဥပဒေကို Riley ဥပဒေဟု အမည်ပေးထားခြင်းမှာ အမေရိကန်ပြည်ထောင်စုသို့ တရားမဝင် ဝင်ရောက်လာသော ဗင်နိဇွဲလား အမျိုးသားတစ်ဦးက အသက် ၂၂ နှစ်အရွယ် ဂျော်ဂျီယာ သူနာပြုကျောင်းသူ Riley ကို လွန်ခဲ့သောနှစ်တွင် သတ်ခဲ့သောကြောင့် ယင်းသို့အမည်ပေးခဲ့ခြင်းဖြစ်သည်။
Ref: AFP















