အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်ဒါတက်ဆရီအန် ၀ါအီဗရာဟင်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့သည် ဖေဖော်ဝါရီ ၂ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
၂၀၂၅ အာဆီယံဥက္ကဋ္ဌ၏ အလွတ်သဘော အကြံပေးအုပ်စုကို ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသော သက်ဆင်နှင့်တွေ့ဆုံရာတွင် မြန်မာ့အရေးအပါအဝင် အရေးကြီးသောကိစ္စများကို ဆွေးနွေးခဲ့သည့်အပြင် ခရစ်ပတိုငွေကြေး ထူထောင်ရေးကိစ္စကိုလည်းဆွေးနွေးခဲ့သည်ဟု အန်ဝါက ပြောကြားခဲ့သည်။
“ညနေပိုင်းမှာ ကျွန်တော်တို့ဟာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယိုနဲ့လည်း ဒီဆွေးနွေပွဲကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်” ဟု Facebook ပို့စ်တွင် အန်ဝါက ဖော်ပြခဲ့သည်။
အန်ဝါသည် ၂၀၂၄ ခုနှစ်ဒီဇင်ဘာ ၁၆ ရက်တွင် ပူထရာဂျာယာ၌ ထိုင်းဝန်ကြီးချုပ် ပယ်ထုံတန်ရှင်နာဝါထရာနှင့်အတူ ပြုလုပ်ခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အာဆီယံရေးရာကိစ္စများတွင် မလေးရှားကိုအကူအညီပေးရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ၎င်း၏အကြံပေးအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် မလေးရှားဝန်ကြီးချုပ် ဒါတက်ဆရီအန်ဝါအီဗရာဟင်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်မထမ်းဆောင်မီ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့်တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ်ကလည်း ဒေသတွင်းပြဿနာများဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံတောင်ပိုင်းတွင် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်နှင့် မြန်မာ့အရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။
မလေးရှားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို တရားဝင်လွှဲပြောင်းယူခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် အာဆီယံပေါ်လာခဲ့ပြီးနောက် မလေးရှားက ပဥ္စမအကြိမ်မြောက် အာဆီယံဥက္ကဋ္ဌတာဝန် ကို ရယူခြင်းဖြစ်သည်။
မလေးရှားသည် ၁၉၇၇၊ ၁၉၉၇၊ ၂၀၀၅ ၊ ၂၀၂၅ တို့တွင် အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။















