ဆူဒန်နိုင်ငံ ဒါဖာဒေသရှိ ဆေးရုံတစ်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရသောကြောင့် လူ ၆၇ ဦး သေဆုံး

ဆူဒန်နိုင်ငံ ဒါဖာဒေသရှိ ဆေးရုံတစ်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရသောကြောင့် လူ ၆၇ ဦး သေဆုံး
ဇန်နဝါရီ ၁၉ ရက်တွင် ဆူဒန်နိုင်ငံ ဝက်မာဒါနီတွင် ပျက်စီးနေသော စျေးဆိုင်များနှင့် အိမ်များကို တွေ့ရစဉ်(Photo-AFP)
ဇန်နဝါရီ ၁၉ ရက်တွင် ဆူဒန်နိုင်ငံ ဝက်မာဒါနီတွင် ပျက်စီးနေသော စျေးဆိုင်များနှင့် အိမ်များကို တွေ့ရစဉ်(Photo-AFP)
Published 27 January 2025

ဆူဒန်နိုင်ငံ ဒါဖာဒေသ အယ်ဖက်ရှာမြို့ရှိ နောက်ဆုံးလုပ်ငန်း လည်ပတ်နေသေးသည့် ဆေးရုံများမှ တစ်ခုကို ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် လူ ၆၇ ဦး သေဆုံးခဲ့ကာ လူပေါင်းဒါဇင်ချီ ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း ဒေသခံတက်ကြွ လှုပ်ရှားသူများနှင့် ဆေးဘက်သတင်းအရင်းအမြစ်တစ်ဦးက ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“မနေ့က (ဇန်နဝါရီ ၂၅ ရက်)ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ဒဏ်ရာရ သူတွေထဲက ၃၇ ဦးက ဒီနေ့(ဇန်နဝါရီ ၂၆ ရက်)မှာ သေဆုံးခဲ့တဲ့အတွက် သေဆုံးသူ စုစုပေါင်း ၆၇ ဦးအထိ ရှိလာပါတယ်”ဟု အမည်မဖော် လိုသည့် သတင်းအရင်းအမြစ်တစ်ဦးက အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။

ဒဏ်ရာရရှိသူများကို ဆက်လက်ကုသပေးလျက်ရှိသည်ဟုု ပြောကြားခဲ့သော်လည်း ဒဏ်ရာရသူ အရေအတွက် အတိအကျကိုမူ ပြောကြားထားခြင်းမရှိပေ။

ဇန်နဝါရီ ၂၅ ရက် နှောင်းပိုင်းက ဆော်ဒီဆေးရုံကို ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဆေးရုံ၏ အရေးပေါ် အဆောက်အအုံတွင် အပျက်အစီးများ ရှိခဲ့ကြောင်း သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

အေအက်ဖ်ပီ သတင်းဌာနကမူ ထိုတိုက်ခိုက်မှုကို လုပ်ဆောင်သည့်အဖွဲ့မှာ ဆူဒန်၏ စစ်ပွဲဖြစ်ပွားနေသော အဖွဲ့များမှ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

၂၀၂၃ ခုနှစ် ဧပြီလကတည်းက ဆူဒန်စစ်တပ်သည် အရန်တပ်ဖွဲ့ဖြစ်သည့် Rapid Support Forces (RSF)နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ RSF သည် အနောက်ဘက်ပိုင်း ဒါဖာဒေသတစ်ခုလုံးနီးပါးကို သိမ်းထား ခဲ့သည်။

မေလကတည်းက RSF သည် မြောက် ဒါဖာဒေသမြို့တော် အယ်ဖက်ရှာကို ဝန်းရံထားသော်လည်း စစ်တပ်မဟာမိတ် ပြည်သူ့စစ်များက ၎င်းတို့ကို တွန်းတွန်းတိုက်တိုက် တိုက်ထုတ်နေသောကြောင့် မြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

လွန်ခဲ့သည့် သီတင်းပတ်က RSF သည် မျှော်မှန်းထားသည့် ထိုးစစ်မစတင်မီ ဇန်နဝါ ရီ ၂၂ ရက် နေ့လယ်ခင်းမတိုင်မီ စစ်တပ်နှင့် ၎င်း၏မဟာမိတ်များ အနေဖြင့် မြို့ထဲမှထွက်ခွာရန် သတိပေးချက် ထုတ်ပြန်ထားသည်။

ဒေသခံတက်ကြွ လှုပ်ရှားသူများ၏ ပြောပြချက်အရ အငတ်ဘေးသင့် Abu Shouk ရွှေ့ပြောင်းနေထိုင်သူများ စခန်းကို RSF က အမြောက်များဖြင့် အကြိမ်ကြိမ်ပစ်ခတ်မှုအပါအဝင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွား နေသည်ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက်တစ်ရက်အတွင်း၌ပင် ထိုရွှေ့ပြောင်းနေထိုင်သူများစခန်းကို အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူရှစ်ဦး သေဆုံးခဲ့သည်ဟု အရပ်ဘက် လူမှုအဖွဲ့အစည်းဖြစ်သည့် အိုးမဲ့အိမ်မဲ့များနှင့် ဒုက္ခသည်များအတွက် စခန်းများဆိုင်ရာ ဒါဖာအထွေထွေညှိနှိုင်းရေးအဖွဲ့က ထုတ်ပြန်ထား သည်။

ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန်ခဲ့ကာ နှစ်ဘက်စလုံးအနေဖြင့် မြို့၏ အရပ်ဘက်လူထု ဘေးကင်းမှုရှိရေးအတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

“အယ်ဖက်ရှာ ဒေသခံတွေက ဒုက္ခပေါင်းများစွာကို ကြုံတွေ့ခံစားနေရပါတယ်”ဟု ကုလသမဂ္ဂလူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူ ဆေ့ဖ်မာဂန်ဂိုက ဆိုသည်။

ဒီဇင်ဘာ ၉ ရက်မှ ဇန်နဝါရီ ၁၄ ရက်အတွင်း ရေးလ်တက္ကသိုလ်၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ သုတေသနဓာတ်ခွဲခန်းက RSF ထိန်းချုပ်ထားသည့် အန်ယာလာ လေဆိပ်တွင် အဆင့်မြင့်ဒရုန်း သုံးစင်းကိုလေ့ လာခဲ့သည်ဟု ဆိုသည်။တရုတ်နိုင်ငံထုတ် ဒရုန်းများတွင် သိသာထင်ရှားသော အီလက်ထရွန်းနစ် ထောက်လှမ်းရေးနှင့် စစ်ဆင်ရေးစွမ်းရည်များ ရှိသည်ဟု တွေ့ရသည်။

Ref:AFP

Most Read

Most Recent