နိုင်ငံတကာဈေးကွက်အတွင်း ဆန်ဈေးကျဆင်းမှုနှင့်အတူ ပြည်ပသို့တင်ပို့နေသည့် ဧည့်မထဆန်ဈေး ကျဆင်းနေသဖြင့် ဧည့်မထစိုက်ပျိုးသည့် တောင်သူများ အဆင်ပြေစေရေး ထိန်းပြီးဝယ်ယူပေးရန် ကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းရှင်များကို ဆန်စပါးအသင်းဥက္ကဋ္ဌ ပြောကြား

နိုင်ငံတကာဈေးကွက်အတွင်း ဆန်ဈေးကျဆင်းမှုနှင့်အတူ ပြည်ပသို့တင်ပို့နေသည့် ဧည့်မထဆန်ဈေး ကျဆင်းနေသဖြင့် ဧည့်မထစိုက်ပျိုးသည့် တောင်သူများ အဆင်ပြေစေရေး ထိန်းပြီးဝယ်ယူပေးရန် ကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းရှင်များကို ဆန်စပါးအသင်းဥက္ကဋ္ဌ ပြောကြား
Published 24 January 2025

နိုင်ငံတကာစျေးကွက်အတွင်း ဆန်စျေးကျဆင်းမှုနှင့်အတူ ပြည်ပသို့ တင်ပို့နေသည့် ဧည့်မထဆန်စျေး ကျဆင်းနေသဖြင့် ဧည့်မထစိုက်ပျိုးသည့်တောင်သူများ အဆင်ပြေစေရေး ထိန်းပြီး ဝယ်ယူပေးရန် ကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းရှင်များအား မေတ္တာရပ်ခံလိုကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က ကျင်းပသည့် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အထွေထွေညီလာခံ၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေး၊ အထွေထွေညီလာခံနှင့် ၂၀၂၅-၂၀၂၇ သက်တမ်းကာလအတွက် ရွေးချယ်တင်မြှောက်ပွဲကို ဇန်နဝါရီ ၂၃ ရက်က ရန်ကုန်မြို့ရှိ (ယခင်) ဝန်ကြီးများရုံး၌ ကျင်းပခဲ့ရာ အစည်းအဝေးပထမအပိုင်းအစီအစဉ်၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“လတ်တလောရင်ဆိုင်နေရတဲ့ အနေအထားကတော့ ဆန်စပါးစျေးကွက်အတွင်း ဝယ်လိုအား ကျဆင်းနေတဲ့အခက်အခဲ ဖြစ်ပါတယ်။ ဆန်စက်လုပ်ငန်းရှင်တွေအနေနဲ့လည်း ဝယ်ယူဖို့အတွက် အခက်အခဲတွေဖြစ်နေတယ်။ ပြည်ပတင်ပို့နေတဲ့ကုမ္ပဏီများ အနေနဲ့လည်း ဝယ်ယူဖို့အတွက် အခက်အခဲတွေဖြစ်နေတယ်။ အဓိကကတော့ ဘာကြောင့်ဖြစ်နေလဲဆိုတာ အားလုံးအသိဖြစ်ပါတယ်။ နိုင်ငံတကာစျေးနှုန်းတွေ ပြုတ်ကျတဲ့အနေအထားဖြစ်ပါတယ်။ နိုင်ငံတကာစျေးက အင်မတန်မှ ထူးခြားစွာ အရှိန်အဟုန်နဲ့စျေးတွေ ထိုးကျနေတဲ့အနေအထားတွေ့ရပါတယ်။ မနေ့ကဆိုရင် ဗီယက်နမ်ငါးမှတ်ဆန်စျေးက ၃၈၀ လောက်ပဲရှိတော့တယ်။ ကျွန်တော်တို့ ငါးမှတ်ဆန်စျေးက ၅၀၀ ကျော်ကနေ ကျလာတာ  ၄၃၀၊ ၄၂၀ လောက်ပဲရှိတယ်။ ဆန်ကွဲစျေးတွေလည်း ထိုးကျ၊ဆန်စျေးတွေထိုးကျ၊ ဒါသည် နိုင်ငံတကာ Trend ဖြစ်ပါတယ်။ ကျွန်တော်တို့ဆန်စပါးစျေးကွက်မှာ ဆောင်ရွက်နေတဲ့နေရာမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဆန်ထုတ်လုပ်တဲ့နိုင်ငံတွေရဲ့ အဆင့်အတန်းမှာဆိုရင် နံပါတ် ၇ လောက်မှာရှိပါတယ်။ ကျွန်တော်တို့အိမ်နီးနားချင်းတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်တို့ အင်ဒိုနီးရှားတို့ဆိုရင် ကျွန်တော်တို့ထက် ပိုထုတ်ပါတယ်။တရုတ်တို့ အိန္ဒိယတို့ ကျွန်တော်တို့ထက် အများကြီးပိုထုတ်ပါတယ်။ ၁၀ ဆလောက် ပိုထုတ်ပါတယ်။ နိုင်ငံတကာစျေးကွက်မှာ ဆန်စပါးကို ယခင်က Export အများကြီးလုပ်ခဲ့တယ်။ အခုလည်း Export လုပ်နေတယ်ဆိုပေမယ့် နိုင်ငံတကာစျေးကွက်နဲ့ Insulated လုပ်နေလို့မရပါဘူး” ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာစျေးကွက် စျေးနှုန်းကျဆင်းမှု အနေအထားများကြောင့် ပြည်တွင်းဝယ်လိုအားများ ကျဆင်းနေကြောင်း၊ စပါးစျေးများ ကျဆင်းနေကြောင်း သိရသည်။

“ဒါပေမဲ့ ဒီနေရာမှာ ခြုံပြီးတော့ ပြောလို့တော့မရပါဘူး။ စပါးစျေးကျတယ်ဆိုတဲ့နေရာမှာ ဧည့်မထစပါးတွေကျတာများပါတယ်။ အထူးဧည့်မထနဲ့ ပေါ်ဆန်စပါးတွေကတော့ သိသိသာသာကျနေတဲ့ အနေအထားမဟုတ်ပါဘူး။ ဒါကြောင့်မို့ Export နဲ့ ဆက်စပ်တဲ့စပါးတွေ၊ Export နဲ့ပတ်သက်တဲ့ ဆန်စျေးတွေကျဆင်းမှုက ဒီနေ့ကြုံတွေ့နေရတဲ့အနေအထားဖြစ်ပါတယ်။ ဒီနေရာမှာ အားလုံးပြီးတော့ကုမ္ပဏီတွေ ဆန်စက်တွေစုပေါင်းပြီးတော့ တတ်နိုင်သမျှ တောင်သူတွေ အဆင်ပြေအောင် အထူးသဖြင့် ဧည့်မထစပါးစိုက်ပျိုးတဲ့တောင်သူတွေ အဆင်ပြေအောင်ထိန်းပြီး ဝယ်ယူပေးဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်” ဟု ဦးရဲမင်းအောင်က ဆိုသည်။

Most Read

Most Recent