ရန်ကုန်မြို့မှ လမ်းပေါ်နေ ကလေးငယ် အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- ဆန်းမိုးထွန်း)
“အသုံးကိုမကျဘူး။ နင့်ကို အခေါင်းထဲ ထည့်ပြီး မြေကြီးထဲ မြှုပ်ပစ်လိုက်မယ်။ ဘာ မှတ်လဲ။ အခု တစ်နေကုန်တောင်းတာ ဘယ် လောက်ရလဲ။ ပြောစမ်း”
ဒီစကားကို ကလေးငယ် ခါးထစ်ခွင်ချီ ထားတဲ့ မိန်းမဝဝကြီးက ပြောလိုက်တာပါ။
အဲဒီမိန်းမဝဝကြီး ဆူနေတဲ့သူက အ သက်အလွန်ဆုံးရှိမှ ခြောက်နှစ် ခုနစ်အရွယ် ကလေးငယ်လေးတစ်ယောက်ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ လူစည်ကားရာ ရှော့ပင်း စင်တာကြီးတစ်ခုရဲ့ အနီးမှာ အဲဒီမိန်းမဝ၀ ကြီးက ကလေးလေးကို ပြောဆိုမာန်မဲနေတာ လည်း ဖြစ်ပါတယ်။
ကလေးငယ်လေးကတော့ မျက်နှာငယ်လေးနဲ့ တစ်နေ့တာ သူ တောင်းထားတဲ့ လက် ထဲက ပိုက်ဆံ အကြွေ တစ်ရာတန် နှစ်ရာတန် လေးတွေ ရေတွက်နေတာကို ကြည့်ပြီး မိန်းမ ဝဝကြီး ဆက်ပြောပါတယ်။
“အဲဒီပိုက်ဆံနဲ့ ဘာလုပ်ရမလဲ။ နင့်ကို တစ်နေ့ ဘယ်လောက်ရအောင် တောင်းရ မယ်လို့ မပြောထားဘူးလား။ ဒီအတိုင်းဆို နင့်ကို အခေါင်းထဲထည့်ပြီး မြေကြီးထဲ မြှုပ် လိုက်တာပဲ ကောင်းပါတယ်”
မိန်းမဝဝကြီးက သူသတ်မှတ်ထားတဲ့ တစ်နေ့တာပိုက်ဆံ ရအောင်မတောင်းနိုင်လို့ ကလေးငယ်လေးကို ဆူပူခြိမ်းခြောက်မာန် မဲနေတာပါ။
ကလေးငယ်လေးကတော့ မျက်နှာငယ် လေးနဲ့ အဲဒီမိန်းမဝဝကြီး ဆူသမျှကို နား ထောင်နေပါတယ်။
အဲဒီမိန်းမဝဝကြီးနဲ့ အဲဒီကလေးက ဘာ တော်စပ်လဲဆိုတာ မသိပါဘူး။
ကျိန်းသေတာကတော့ အဲဒီမိန်းမဝ၀ ကြီးက ကလေးငယ်လေးကို တောင်းရမ်းစေ ခိုင်းနေတာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ လူစည်ကားရာ နေရာ တော်တော်များများမှာ လမ်းပေါ်နေ ကလေး တွေ သွားလာလှုပ်ရှားနေကြတာကို မိတ်ဆွေ တို့အနေနဲ့ တွေ့မြင်ဖူးကြပါလိမ့်မယ်။
အသက်အရွယ်မျိုးစုံ ကလေးငယ်တွေ မှာ ဘဝရောင်စုံရှိကြပါတယ်။
ကလေးငယ်အများစုကတော့ တောင်း ရမ်းမှုကို ပြုလုပ်လေ့ရှိကြပါတယ်။
တချို့ကလေးငယ်တွေက လမ်းတွေမှာ၊ တချို့ကလေးငယ်တွေက ဆိုင်တွေမှာ၊ တချို့ ကလေးငယ်တွေက ခုံးတံတားပေါ်မှာ၊ တချို့ ကလေးငယ်တွေကျတော့ လိုင်းကားပေါ်မှာ နေ့စဉ် လိုက်လံတောင်းရမ်းနေတာတွေက ရန်ကုန်မြို့ရဲ့ ထင်ရှားတဲ့ အမှတ်အသားတစ်ခု လိုတောင် ဖြစ်နေပါပြီ။
ဒီလို တောင်းရမ်းနေကြတဲ့ ကလေးငယ် တွေထဲမှာ တချို့ကလေးတွေက မိမိဝမ်းရေး အတွက် တောင်းရမ်းနေတာတွေရှိသလို တချို့ကလေးတွေကျတော့ မိဘအရင်းတွေ ကိုယ်တိုင်က တောင်းရမ်းဖို့ ခိုင်းစေထားတာ တွေလည်း ရှိတယ်လို့ သိရပါတယ်။
လမ်းပေါ်မှာ တောင်းရမ်းနေကြတဲ့ ကလေးငယ်တွေထဲမှာ လသားအရွယ် ကလေး ငယ်တွေကနေ ဆယ်ကျော်သက်အရွယ်အထိ ကလေးငယ်တွေ ပါဝင်နေတာကို တွေ့ရပါ တယ်။
ဒီကလေးငယ်တွေအနေနဲ့ ဘာကြောင့် ဒီလိုဘဝမျိုးကို ရောက်ရှိနေရသလဲဆိုတဲ့ မေးခွန်းမှာ အဖြေကတော့ ဆင်းရဲမွဲတေမှု ကြောင့် ဆိုရမှာပါ။
ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦး စီးဌာနကနေ ၂၀၁၇ ခုနှစ်က မြေပြင်ကောက် ယူထားတဲ့ အကြမ်းဖျင်းစာရင်းအရ ရန်ကုန် တိုင်းတစ်တိုင်းလုံးမှာ လမ်းပေါ်နေကလေးသူ ငယ်ဦးရေ ၁၅၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။
ဒီကလေးသူငယ်တွေထဲမှာ ရန်ကုန်တိုင်း အပြင် တခြားတိုင်းဒေသကြီးကနေ ရွှေ့ပြောင်း လာတဲ့ ကလေးသူငယ်တွေလည်း ပါရှိတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနရဲ့ ၂၀၁၇ ခုနှစ်အချက်အလက်တွေ အရ ရန်ကုန်တိုင်းမှာ လမ်းပေါ်ကလေးသူ ငယ်တွေ အများဆုံးရှိတဲ့ မြို့နယ်တွေကတော့ လှိုင်သာယာ၊ ဒလနဲ့ ရွှေပြည်သာမြို့နယ်တွေ ဖြစ်ပါတယ်။
စီမံချက်
၁၉၉၅ ခုနစ်ကစပြီး တောင်းရမ်းစား သောက်သူတွေနဲ့ လမ်းပျော်ကလေး ပပျောက် ရေးစီမံချက်ကို မြန်မာနိုင်ငံမှာ လုပ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာလည်း ရန် ကုန်တိုင်းဒေသကြီးထဲက ဆူးလေလမ်းမ၊ ဘူ တာကြီးရှေ့၊ သီရိမင်္ဂလာစျေးနဲ့ ငါးစျေးတွေမှာ အခြေအနေမဲ့ လူတွေအပြင် တောင်းရမ်းစား သောက်နေကြတဲ့ ကလေးသူငယ်တွေကို အ ထူးအစီအစဉ်အဖြစ် တစ်ပတ်တစ်ကြိမ် ဖမ်း ဆီးထိန်းသိမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီလိုထိန်းသိမ်းခဲ့သူတွေကို အသက်အ ပိုင်း အခြားအလိုက် ရွှေဂုံတိုင်ကလေးပြုစု ရေးဌာန၊ သန်လျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၊ ထောက်ကြန့် အမျိုးသမီးသင်တန်းကျောင်း၊ ၀ါးနက်ချောင်း လူမှုစောင့်ရှောက်ရေးဌာန တွေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထိန်းသိမ်းရမိသူတွေထဲကနေ အရွယ်မရောက်သေးတဲ့ ရင်ခွင်ပိုက်ကလေး ငယ်တွေကို မိခင်နဲ့အတူ ၀ါးနက်ချောင်းလူမှု စောင့်ရှောက်ရေးဌာနဆီပို့ခြင်း၊ စာသင်အ ရွယ် ကလေးသူငယ်ဖြစ်ပါက မိဘက ထောက် ခံစာအပြည့်အစုံတင်ပြချက်အရ မိဘအုပ် ထိန်းသူထံ ခံဝန်နဲ့ ပြန်လည်အပ်နှံပေးခြင်း တွေကိုလည်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိ ရပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်းမှာလည်း ၂၀၂၁ ခုနှစ် အောက် တိုဘာလကနေ ၂၀၂၃ ခုနှစ် မတ်လအထိ လမ်းပေါ်နေ ကလေးများ လျော့နည်းရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးစီမံချက်ကို နေပြည် တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေ၊ ပြည်ကြီး တံခွန်၊ အောင်မြေသာစံနဲ့ ချမ်းအေးသာစံ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း၊ မင်္ဂလာတောင်ညွန့်၊ လှိုင်နဲ့ ကြည့်မြင်တိုင်မြို့ နယ်တွေမှာ ဆောင်ရွက်ခဲ့ပါတယ်။
ဒီလိုစီမံချက်ချ ဆောင်ရွက်ခဲ့ပေမဲ့လည်း လက်ရှိအချိန်အထိ လမ်းပေါ်နေ ကလေးအ ရေအတွက်က လျော့နည်းသွားခြင်းမရှိဘဲ ပို လို့များပြားလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
“အခုဆို ပိုက်ဆံတောင်းတဲ့ ကလေးတွေ က မီးပွိုင့်တွေမှာ၊ လူစည်ကားရာနေရာတွေ မှာ၊ လိုင်းကားတွေပေါ်မှာ နည်းမျိုးစုံနဲ့ တောင်း နေတာကို အများကြီး တွေ့လာရတယ်။ ကျွန်မ က တစ်ခါတလေ သူတို့ကို ကြည့်ပြီး သနားလို့ ပိုက်ဆံပေးလိုက်ပေမဲ့ နောက်နေ့လည်း ထပ် တွေ့နေရတော့ နောက်ပိုင်း ပိုက်ဆံမပေးဖြစ် တော့ဘူး”လို့ ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ နေ ထိုင်တဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အစ်ကိုတို့ဆို မီးပွိုင့်မှာ ဒီကလေးတွေ တောင်းနေရင် မီးစိမ်းပေမဲ့လည်း အတင်းမ မောင်းရဲဘူး။ ဒီကလေးတွေက ကားလာလည်း ဂရုစိုက်တာ မဟုတ်ဘူး။ တချို့က ခြောက်နှစ် ခုနစ်နှစ် ကလေးတွေက တစ်နှစ်အရွယ်ကလေး ကို ခါးထစ်ခွင်ပြီး လိုက်တောင်းနေတာ။ မီး ပွိုင့်စိမ်းနေလည်း သူတို့က ကူးချင်သလို ကူး တာ။ ဒါကြောင့် သူတို့ရှိရင် သတိထားမောင်း ရတယ်”လို့ ရန်ကုန်မြို့ခံ အငှားယာဉ်မောင်း တစ်ဦးက ဆိုပါတယ်။
လမ်းပေါ်ကလေးတွေ ဖြစ်ပေါ်လာရတဲ့ ဇာစ်မြစ်ကတော့ အကြောင်းရင်းအမျိုးမျိုး ရှိတယ်လို့ လမ်းပေါ် ကလေးအရေးဆောင် ရွက်နေကြတဲ့ လူမှုအဖွဲ့အစည်းတွေက ဆိုပါ တယ်။
“ဇာစ်မြစ်က အမျိုးအစားအများကြီး ရှိတယ်။ နယ်ကနေ ရောက်လာတာရှိတယ်။ ရန်ကုန်မှာပဲ စီးပွားရေးအဆင်မပြေလို့ မိဘ တွေက မကျွေးမွေးနိုင်တဲ့ ကလေးမျိုးတွေလည်း ရှိတယ်။ တချို့ကျတော့ ရန်ကုန်မှာ အိမ်ရှိ တယ်။ မိဘတွေလည်း ရှိတယ်။ ဒါပေမဲ့ ပထွေး တွေ၊ မိထွေးတွေကြောင့် အိမ်မှာ မပျော်တဲ့အ တွက် ထွက်ပြေးလာတဲ့ကလေးတွေလည်း ရှိ တယ်။ ဒါတွေက လက်ရှိ မြေပြင်မှာရှိနေတဲ့ ကလေးတွေရဲ့ အခြေအနေပါ”လို့ လမ်းပေါ် ကလေးအရေး လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးက ဆိုပါတယ်။
လူကုန်ကူးမှုမြောက်သလား
မိဘအရင်းကပဲဖြစ်ဖြစ်၊ မွေးစားမိဘက ပဲဖြစ်ဖြစ်၊ သူစိမ်းကပဲဖြစ်ဖြစ် လမ်းပေါ်မှာ ကလေးသူငယ်တွေကို တောင်းရမ်းခိုင်းစေနေ တာဟာ လူကုန်ကူးမှုမြောက်သလားဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။
လူကုန်ကူးမှုဆိုတာဟာ လူအများ စု ဆောင်းခြင်း၊ ပို့ဆောင်ခြင်း၊ လွှဲပြောင်းပေး ပို့ခြင်း၊ ထိန်းသိမ်းထားခြင်း၊ လက်ခံထား ခြင်းတို့ကို ခြိမ်းခြောက်ခြင်း၊ အင်အားသုံး အကျပ်ကိုင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊ သြဇာအာဏာသုံးခြင်း၊ မက် လုံးပေးခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ ပြည့်တန်ဆာနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ ကျွန်အဖြစ် စေခိုင်းခြင်းနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ထုတ်ယူဖို့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင် ပါက လူကုန်ကူးခြင်းလို့ ကုလသမဂ္ဂရဲ့ လူ ကုန်ကူးမှုဆိုင်ရာ သဘောတူညီချက်မှာ အဓိ ပ္ပာယ် ဖွင့်ဆိုထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ United Nations Convention Against Transnational Orga -nized Crime UNCTOC) နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး Protocol to Prevent, Suppress and Punish Trafficking in Per -sons, Espectially Women and Children ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနဲ့ နောက် ဆက်တွဲ စာချုပ်တွေဖြစ်တဲ့ လူကုန်ကူးမှု တား ဆီးကာကွယ်ရေးဆိုင်ရာနှင့် လူမှောင်ခိုမှု တိုက် ဖျက်ရေးဆိုင်ရာ Protocol against the Smug -gling of Migrants by Land, Air and Sea စာချုပ်တွေမှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် မတ် ၃၀ ရက်မှာ ဝင်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၅ ခုနှစ် စက်တင် ဘာ ၁၃ ရက်က လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့ လူကုန်ကူးမှုဆိုင်ရာ သဘော တူညီချက် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကြည့် မယ်ဆိုရင် လက်ရှိရန်ကုန်မြို့အတွင်း ကလေး သူငယ်တွေကို တောင်းရမ်းစေခိုင်းနေသူ တွေရဲ့ လုပ်ရပ်တွေဟာ လူကုန်ကူးမှု မြောက် နေတယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါ တယ်။
လူလား မမြောက်သေးတဲ့ ကလေးငယ် တွေကို တစ်နေ့တာ ငှားရမ်းပြီး နို့ထဲအိပ်ဆေး ခတ်တိုက်ပြီး ဗန်းပြတောင်းရမ်းတာတွေ၊ မိဘတွေကိုယ်တိုင်က ကိုယ့်သားသမီးကို တောင်းရမ်းစေခိုင်းတာတွေဟာ ကုလသမဂ္ဂ ရဲ့ လူကုန်ကူးမှုဆိုင်ရာ သဘောတူညီချက် တွေထဲက သြဇာအာဏာသုံးခြင်း၊ ခေါင်းပုံ ဖြတ် အမြတ်ထုတ်ခြင်း၊ အတင်းအဓမ္မခိုင်း စေခြင်းနဲ့ ကျွန်အဖြစ်စေခိုင်းခြင်းစတဲ့ အချက် တွေနဲ့ ငြိနေတယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြပါတယ်။
ဒါ့အပြင် ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ကလေးသူငယ်ဥပဒေမှာလည်း ကလေးသူ ငယ်တွေကို တောင်းရမ်းခိုင်းပါက ထောင် ဒဏ်ချမှတ်လို့ရတဲ့ ပုဒ်မတွေ ပါရှိပါတယ်။
ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဂ) မှာ “မိမိကိုယ်ကျိုးစီးပွားအတွက်ကလေး သူငယ်အား တောင်းရမ်းခိုင်းခြင်း၊ မိဘအုပ် ထိန်းသူအောက်ရှိ ကလေးသူငယ် တောင်းရမ်း စားသောက်နေသည်ကို တားမြစ်ရန် ပျက် ကွက်ခြင်း၊ မိမိက တောင်းရမ်းစားသောက်ရာ တွင် ကလေးသူငယ်ကို တစ်နည်းနည်းဖြင့် အသုံးပြုခြင်း” ကို ကျူးလွန်ပါက ထောင်ဒဏ် နှစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀၀၀၀ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒီလို ဥပဒေပြဋ္ဌာန်းထားတဲ့အတွက် ပြစ် ဒဏ်ကျခံရနိုင်တယ်ဆိုတာကို တောင်းရမ်းစေ ခိုင်းနေတဲ့ မိဘတွေသိအောင် ကျယ်ကျယ်ပြန့် ပြန့် အသိပညာပေးတာတွေ လုပ်ဆောင်သင့် တယ်လို့ လမ်းပေါ်ကလေးသူငယ်အရေး ဆောင်ရွက်နေတဲ့ အရပ်ဘက်လူမှုအဖွဲ့အ စည်းတွေက ဆိုပါတယ်။
“အဲဒီလိုမျိုးဥပဒေတွေ ရှိတယ်။ ဒါမျိုး တွေလုပ်ရင် ဒီလိုပြစ်ဒဏ်ချ လို့ရတယ်ဆိုတဲ့ အသိကို ကျယ်ကျယ်ပြန့်ပြန့် တောင်းရမ်းခိုင်း နေတဲ့ ကလေးမိဘတွေကြားမှာ အရင်ဆုံးသိ အောင် လုပ်ပေးရမယ်လို့ မြင်တယ်။ ဘာလို့ လဲဆိုတော့ ဥပဒေတွေပြဋ္ဌာန်းထားတဲ့ အတွက် ဒါတွေလုပ်ရင် ဘာဖြစ်လာနိုင်တယ် ဆိုတာကို သူတို့ ပတ်ဝန်းကျင်မှာ မသိကြဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့က ကိုယ့် ကလေး ကိုယ်ခိုင်းတာပဲဆိုပြီး လုပ်နေကြတာ။ အဲဒါကြောင့် ဥပဒေတွေကိုလည်း အသိပညာ ပေးကို ပေးရမယ်။ ပေးပြီးတော့မှ ဖမ်းပြရ မယ်။ အဲဒီလိုမျိုး ထိထိရောက်ရောက် လုပ် မယ်ဆိုရင်တော့ တောင်းရမ်းခိုင်းတဲ့ ကိစ္စ တွေက ပါးသွားမှာပဲ”လို့ လမ်းပေါ်ကလေး အရေး လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးက ဆိုပါတယ်။











