KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ တရုတ်အစိုးရနှင့်ဆွေးနွေးရန် တရုတ်နိုင်ငံသို့ သွားရောက်

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ တရုတ်အစိုးရနှင့်ဆွေးနွေးရန် တရုတ်နိုင်ငံသို့ သွားရောက်
Published 10 December 2024

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ တရုတ်အစိုးရနှင့်ဆွေးနွေးရန် တရုတ်နိုင်ငံသို့ ဒီဇင်ဘာ ၈ ရက်တွင် ထွက်ခွာသွားကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက BBC သတင်းဌာနကို အတည်ပြုပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံအာရှရေးရာ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဖွဲ့ချင်းဖြစ်စေ မြန်မာနိုင်ငံဘက်သို့လာရောက်ဖြစ်စေ၊ တရုတ်နိုင်ငံသို့ခေါ်ယူ၍ဖြစ်စေ တွေ့ဆုံလေ့ရှိပြီး ယခု KIO ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့သွားရောက်ခြင်းသည် မည်သူနှင့်တွေ့ဆုံဆွေးနွေးမည်ကို ကွဲကွဲပြားပြားမသိရပေ။

(တရုတ်က) ခေါ်လို့ မနေ့က ကျွန်တော်တို့ဌာနချုပ်ကနေသွားတာပါ။ (တရုတ်နဲ့) တစ်လ တစ်ကြိမ် ဒါမှမဟုတ် နှစ်လမှာ တစ်ကြိမ် တွေ့ဆုံဆွေးနွေးကြတာရှိပါတယ်။ တစ်ခါတလေ ဒုဥက္ကဋ္ဌဌ သွားတာမျိုးရှိတယ်။ အခုကတော့ ဥက္ကဋ္ဌဌ ကိုယ်တိုင်သွားတာပေါ့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက BBC သတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။

ထို့အတူ KIO ဥက္ကဋ္ဌအား တရုတ်နိုင်ငံက မြို့တော်ပေကျင်းအထိ ခေါ်ယူတွေ့ဆုံခြင်းဖြစ်သည်ဟုလည်း သတင်းမီဒီယာအချို့တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

KIO လက်အောက်ခံ KIA နှင့်ပူးပေါင်းတပ်များသည် လက်ရှိတွင် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများသည် ဗန်းမော်မြို့မှ ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်နေရသည်။

ထို့ပြင် KIA နှင့်ပူးပေါင်းတပ်များသည် ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းထိန်းချုပ်ထားခဲ့သည့် ကချင်အထူးဒေသ(၁)ရှိ နယ်ခြားစောင့်တပ်များကိုတိုက်ခိုက်ခဲ့ပြီး ပန်ဝါ၊ ကန်ပိုက်တီး ဒေသများကို ဝင်ရောက်ထိန်းချုပ်ထားသည်။

KIA အဖွဲ့သည် အဓိကအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ PDF များကို စစ်သင်တန်းများပေးကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအတွင်း ၎င်းတို့အဖွဲ့မှ ခေါင်းဆောင်ငယ်အချို့ပါ ပါဝင်၍ PDF များပူးတွဲကာ တိုက်ပွဲဖော်ဆောင်မှုများလည်း ပြုလုပ်လျက်ရှိသကဲ့သို့ NUG အဖွဲ့နှင့်လည်း စစ်ရေးကိစ္စရပ်များတွင် ပူးပေါင်းလုပ်ဆောင်မှုများရှိသည်။

ကချင်အထူးဒေသတွင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများရှိပြီး ယင်းသတ္တုများကို တရုတ်နိုင်ငံသို့တင်ပို့နေခြင်းဖြစ်ကာ လက်ရှိတွင် KIA က ယင်းဒေသများကိုထိန်းချုပ်ထားသဖြင့် တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်ရေးကိစ္စရပ်အပြင် မြေရှားသတ္တုတူးဖော်ရေးအပါအဝင် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့်ပတ်သက်၍ ဆွေးနွေးရန်ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent