တိုက်ခိုက်ရေးဒရုန်းများ အများအပြားထုတ်လုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် အမိန့်ထုတ်ပြန်

တိုက်ခိုက်ရေးဒရုန်းများ အများအပြားထုတ်လုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် အမိန့်ထုတ်ပြန်
နိုဝင်ဘာ ၁၄ ရက်က မြောက်ကိုရီးယား၏ တောင်ဟွမ်ဟေးပြည်နယ် ဂျေအာယွန်ကောင်တီရှိ ဆောက်လုပ်ဆဲ စက်ရုံတစ်ခုတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံနေသည့် ကင်ဂျုံအွန် (လယ်) ကို တွေ့ရစဉ်(Photo:AFP)
နိုဝင်ဘာ ၁၄ ရက်က မြောက်ကိုရီးယား၏ တောင်ဟွမ်ဟေးပြည်နယ် ဂျေအာယွန်ကောင်တီရှိ ဆောက်လုပ်ဆဲ စက်ရုံတစ်ခုတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံနေသည့် ကင်ဂျုံအွန် (လယ်) ကို တွေ့ရစဉ်(Photo:AFP)
Published 16 November 2024

တိုက်ခိုက်ရေးဒရုန်းများ အများအပြား ထုတ်လုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အမိန့်ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားနှင့် ရုရှားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြင့်တက် နေမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ ထွက်ပေါ်နေချိန်တွင် ကင်က ထိုသို့ အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် သြဂုတ်လအ တွင်းက ၎င်း၏ တိုက်ခိုက်ရေးဒရုန်းများကို ပထမဆုံးအကြိမ်ဖော်ပြခဲ့ပြီး ထိုဒရုန်းများကို ရုရှား၏အကူအညီဖြင့် ထုတ်လုပ်နိုင်ခဲ့သည်ဟု မှတ်ယူနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနှင့် အထင်ကရ ကာကွယ်ရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ယူကရိန်းစစ်ပွဲအတွင်း ရုရှားကိုကူညီရန် မြောက်ကိုရီးယားစစ်သားများ စေလွှတ်နေကြောင်း စွပ်စွဲခံခဲ့ရသည်။

အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားသည် ရုရှား၏ စစ်ရေးနည်းပညာများကို လက်ခံရရှိခဲ့ဖွယ်ရှိကြောင်း တောင်ကိုရီးယား သမ္မတယွန်းဆော့ယိုက သတိပေးခဲ့သည်။

ကင်သည် မြေပြင်နှင့် ရေပြင်ပစ်မှတ်များကို တိုက်ခိုက်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ဒရုန်းများစမ်းသပ်မှုကို ကြီးကြပ်ခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

ထိုဒရုန်းများကို မြောက်ကိုရီးယား၏ မောင်းသူမဲ့လေကြောင်း နည်းပညာဌာနက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုဒရုန်းများကို အစဉ်လိုက် ထုတ်လုပ်သည့် စနစ်တစ်ခုအမြန်ဆုံး ထူထောင်ရန်လို အပ်ကြောင်းနှင့် အများအပြားထုတ်လုပ်ရန် လိုအပ်ကြောင်း ကိုကင်က အလေးထားပြောဆိုခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

ထိုဒရုန်းများသည် ဖောက်ခွဲရေးပစ္စည်းများသယ်ဆောင်ကာ ရန်သူပစ်မှတ်များကို ဝင်တိုက်ပြီး ဖောက်ခွဲတိုက်ခိုက်ခြင်း ဖြစ်သဖြင့် ပဲ့ထိန်းဒုံးကျည်များကဲ့သို့ ထိရောက်မှုရှိသည်။

နိုဝင်ဘာ ၁၄ ရက်က စမ်းသပ်မှုတွင်လည်း ဒရုန်းများသည် ကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်းများ အတိုင်း ပျံသန်းကာ ပစ်မှတ်များကို တိကျစွာထိမှန်ခဲ့ကြောင်း KCNA ကဖော်ပြခဲ့သည်။

မတူညီသည့် အကွာအဝေးများအတွင်း ထိုအသေခံတိုက်ခိုက်ရေး ဒရုန်းများကို အသုံးပြုမှုသည် မြေပြင်နှင့် ရေပြင်ရှိ ရန်သူ့ပစ်မှတ်များကို တိကျစွာတိုက်ခိုက်ရန် မစ်ရှစ်အတွက်  ထိရောက်မှုရှိကြောင်း KCNA က ဖော်ပြခဲ့ သည်။

ထိုဒရုန်းများသည် အသုံးပြုရလွယ်ကူပြီး ထုတ်လုပ်သည့် ကုန်ကျစရိတ်နည်းပါးသဖြင့် တိုက်ခိုက်ရေးကဏ္ဍတွင် တွင်ကျယ်စွာအသုံး ပြုနိုင်ကြောင်း KCNA က ဖော်ပြခဲ့သည်။

ကင်သည် မကြာသေးမီကလည်း မောင်းသူမဲ့စနစ်များနှင့် စစ်တပ်၏ မဟာဗျူဟာ အကြား ပေါင်းစပ်အသုံးပြုမှု၏ အရေးကြီးပုံကိုလည်း ပြောကြားခဲ့သည်။

သြဂုတ်လအတွင်း KCNA ကဖော်ပြ ခဲ့သည့် ဓာတ်ပုံများအတွင်း မြင်တွေ့ရသည့် ဒရုန်းများသည် အစ္စရေးလုပ် HAROP ဒရုန်း၊ ရုရှားလုပ် Lancet-3 နှင့် အစ္စရေး၏ HERO 3 0  ဒရုန်းများနှင့် ဆင်တူနေပြီး မြောက်ကိုရီး ယားသည် ရုရှားနှင့် အီရန်ထံမှ ဒရုန်းထုတ်လုပ်ရေး နည်းပညာများ ရရှိခဲ့ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။                                    

Ref:AFP

Most Read

Most Recent