ပြင်သစ်ကလပ် မာဆေးလ်အသင်းနည်းပြ ဒီဇယ်ဘီက အော်ဇေးအသင်းအား အိမ်ကွင်းတွင် (၁-၃) ဂိုးဖြင့် ရှုံးနိ်မ့်ပြီးနောက် အသင်းအတွက် မိမိက ပြဿနာဖြစ်နေလျှင် လက်ကျန်စာချုပ်အတွက် လစာမယူဘဲ ရာထူးမှထွက်ခွာရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
မာဆေးလ်အသင်းသည် နိုဝင်ဘာ (၈)ရက်(သော ကြာနေ့) ကစားခဲ့သည့် ပြင်သစ်လီဂူးပွဲစဉ်တွင် အိမ်ကွင်း၌ ကစားခဲ့ရသော်လည်း အော်ဇေးအသင်းကို (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
မာဆေးလ်အသင်းသည် ရာသီအစက ရလဒ်များ ကောင်းခဲ့သော်လည်း ပြင်သစ်လီဂူး နောက်ဆုံး (၅) ပွဲတွင် (၂) ပွဲသာ အနိုင်ရပြီး (၁) ပွဲသရေကာ (၂) ပွဲ ရှုံးနိမ့်ထားသည်။
အော်ဇေးအသင်းအား (၁-၃) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မာဆေးလ်နည်းပြ ဒီဇယ်ဘီက ရှုံးပွဲအတွက် ၎င်းတွင် တာဝန်ရှိကြောင်းနှင့် ၎င်းက အသင်းအတွက် ပြဿနာဖြစ်နေလျှင် လျော်ကြေးမယူဘဲ ရာထူးမှထွက်ခွာသွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီဇယ်ဘီက ''အိမ်ကွင်း ရှုံးပွဲအတွက် ကျွန်တော် တာဝန်ယူရမှာပါ။ အိမ်ကွင်းပွဲစဉ်တွေက ကျွန်တော်တို့အတွက် အခက်အခဲရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ အခုလို အိမ်ကွင်းမှာ ရှုံးပွဲတွေ တွေ့နေတာက ကျွန်တော်တို့ သတ္တိနည်းလို့လား ဒါမှမဟုတ် ကိုယ်ရည်ကိုယ်သွေးကြောင့်လား ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော့်အနေနဲ့ မာဆေးလ်အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ Velodrome မှာ Live အတွေ့အကြုံကို လိုချင်တာလို့ ဒီကို လာခဲ့တာပါ။ တကယ်လို့ အသင်းအတွက် ကျွန်တော်က ပြဿနာဖြစ်နေမယ်ဆိုရင် ကျွန်တော့်အနေနဲ့ ရာထူးက ထွက်ခွာသွားဖို့ အသင့်ပါပဲ။ ကျွန်တော့်အနေနဲ့ လျော်ကြေးမယူဘဲ အသင်းကနေ ထွက်သွားမှာပါ။ ကျန်တာတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့်အနေနဲ့ ဆင်ခြေတွေ မပေးချင်သလို၊ အဓိပ္ပာယ်မရှိတာတွေကိုလည်း မပြောချင်ပါဘူး။ ကျွန်တော့်အနေနဲ့ ကိုယ်လွတ်ရုန်းဖို့လည်း ဆန္ဒမရှိပါဘူး။ အမှန်တရားကို ရင်ဆိုင်မှာပါ။ ဒါက ကျွန်တော် လုပ်ရမယ့် အလုပ်ပါပဲ''ဟု ပြောကြားခဲ့သည်။
ဒီဇယ်ဘီသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် ဘရိုက်တန်အသင်းနှင့်လမ်းခွဲပြီးနောက် ထိပ်တန်းအသင်းကြီးများ၏ ကမ်းလှမ်းမှုများကို ငြင်းပယ်ကာ မာဆေးလ်အသင်းကို (၃) နှစ်စာချုပ်ဖြင့် ကိုင်တွယ်ခဲ့သည်။
မာဆေးလ်အသင်းသည် ယခုရာသီ ပြင်သစ်လီဂူးပွဲစဉ် (၁၁) အပြီးတွင် ရမှတ် (၂၀) ဖြင့် အဆင့် (၃)နေရာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ PSG အသင်း(၂၉ မှတ်)နှင့် (၉)မှတ်အထိ ကွာဟနေသည်။
ဒီဇယ်ဘီသည် ရာသီအစက မာဆေးလ်ကစားသမားများအား မန်ယူအသင်း၏ကမ်းလှမ်းမှုကိုပြကာ စိတ်အားမြှင့်တင်ပေးခဲ့ကြောင်း ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီမစမီက ဒီဇယ်ဘီအား ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဒီဇယ်ဘီက ပိုက်ဆံထက် ရည်မှန်းချက်ကို တန်ဖိုးထားသည်ဟုဆိုကာ မန်ယူနည်းပြရာထူးကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။
မာဆေးလ်အသင်းအတွက် မိမိက ပြဿနာဖြစ်နေလျှင် လျော်ကြေးမယူဘဲ ရာထူးမှထွက်ခွာရန် အသင့်ရှိကြောင်း မာဆေးလ်နည်းပြ ဒီဇယ်ဘီ ပြောကြား
Photo: X