တောင်ကိုရီးယားသည် ရန်လိုသည့်ပြည်ပနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးအယူအဆကို စွန့်လွှတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မြောက်ကိုရီးယားစစ်သားများကို ပြောကြား

တောင်ကိုရီးယားသည် ရန်လိုသည့်ပြည်ပနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးအယူအဆကို စွန့်လွှတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မြောက်ကိုရီးယားစစ်သားများကို ပြောကြား
အောက်တိုဘာ ၁၇ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့်နေရာတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်(လယ်)ကို စစ်တပ်အရာရှိများနှင့်အတူ  တွေ့ရစဉ်(Photo:AFP)
အောက်တိုဘာ ၁၇ ရက်က မြောက်ကိုရီးယား၏ အမည်ဖော်ပြမထားသည့်နေရာတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်(လယ်)ကို စစ်တပ်အရာရှိများနှင့်အတူ  တွေ့ရစဉ်(Photo:AFP)
Published 19 October 2024

တောင်ကိုရီးယားသည် ရန်လိုသည့် ပြည်ပနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေး အယူအဆကို စွန့်လွှတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က မြောက်ကိုရီးယား စစ်သားများကို ပြော ကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA သတင်းအေဂျင်စီက အောက်တိုဘာ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ စစ်တပ်အနေနဲ့ တောင်ကိုရီးယားကို ပြည်ပနိုင်ငံဖြစ်ပြီး ရန်လိုတဲ့ နိုင်ငံဖြစ်တယ်ဆိုတဲ့ အချက်ကို အမြဲတမ်းစိတ်ထဲမှာ စွဲမြဲနေအောင် မှတ်ထားသင့်ပါတယ်”ဟု ကင်က မြောက်ကိုရီးယားစစ်တပ်၏ အမှတ် ၂  တပ်မကို ပြောကြားခဲ့သည်။

မြောက်ကိုရီးယားစစ်တပ်သည် ရန်လိုသည့်နိုင်ငံကို ဆန့်ကျင်ရာတွင် လိုအပ်လာမည်ဆိုပါက တစ်နည်တည်းသားအဖြစ် သတ်မှတ်မည်မဟုတ်ဘဲ ပြန်လည်တိုက်ခိုက်သွားမည်ဟုလည်း ကင်က ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

၁၉၉၁ ခုနှစ် ကိုရီးယားနှစ်နိုင်ငံ သဘောတူညီချက်တွင် မြောက်နှင့်တောင်အကြား ဆက်ဆံရေးများကို နိုင်ငံအချင်းချင်းဆက်ဆံရေးထက် အထူးဆက်ဆံရေးအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ပြန်လည်ပေါင်းစည်း ရေးကို ရည်ရွယ်ခဲ့သည်။

သို့သော် ယခုနှစ် ဇန်နဝါရီလက ကင်သည် တောင်ကိုရီးယားကို မြောက်ကိုရီးယား၏ အဓိက ရန်သူအဖြစ် သတ်မှတ်ခဲ့ပြီးနောက်ပိုင်း ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးများ ယိုယွင်းခဲ့သည်။ ထို့ပြင် ကင်ကတောင် ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးကို စိတ်မဝင်စားတော့ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် နှစ်နိုင်ငံနယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းများထောင်ပြီး လုံခြုံရေးကို တိုးမြှင့်ခဲ့ပြီးနောက် ယခုသီတင်းပတ်တွင် တောင်ကိုရီးယားနှင့် ဆက်သွယ်ဖောက်လုပ်ထားသည့် ကားလမ်းများနှင့် ရထားလမ်း များကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။

အောက်တိုဘာ ၁၇ ရက်ကလည်း မြောက်ကိုရီးယားက ၎င်း၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တောင်ကိုရီးယားကို ရန်လိုသည့် နိုင်ငံအဖြစ် သတ်မှတ်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တောင်ကိုရီးယားကို ရန်လိုသည့် နိုင်ငံအဖြစ် ရှင်းလင်းပြတ်သားစွာ အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ခြင်းသည် မြောက်ကိုရီးယား၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လိုအပ်ချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု KCNA က ဖော်ပြခဲ့သည်။

အောက်တိုဘာ ၁၅ ရက်က တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်းတွင် မြောက်ကိုရီးယား စစ်သားများသည် ကိုရီးယားနှစ်နိုင်ငံအကြား ကားလမ်းများနှင့် ရထားလိမ်းများကို ဒိုင်းနမိုက်များဖြင့် ဖောက်ခွဲနေပုံများကို ဖော်ပြထားသည်။

ထိုသို့ လုပ်ဆောင်ရခြင်းသည် မြောက်ကိုရီးယား၏ နယ်နိမိတ်ကို အပြီးသတ်ပိုင်းခြား သတ်မှုသည့် အဆင့်တစ်ခုဖြစ်ပြီး မိမိတို့၏ အချုပ်အခြာအာဏာပိုင်မှုကို ကျင့်သုံးခြင်းဖြစ်ကြောင်း KCNA က ပြောကြားခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုကဲ့သို့ ကားလမ်းများနှင့် ရထားလမ်းများကို ဖောက်ခွဲဖျက်ဆီးမှုသည် တရားဝင်မှုရှိသည်ဆိုသည့် မြောက်ကိုရီးယား၏ ပြောကြားချက်ကို ငြင်းဆိုခဲ့ပြီး ထိုလုပ်ဆောင်ချက်သည် မြောက်ကိုရီးယား၏ တစ်ဖက်သတ် ပြောကြားချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP

                                               

Most Read

Most Recent