နိုင်ငံတကာရက်သတ္တပတ်အပြီး ပွဲကျပ်များ ဆက်တိုက်ကစားရမည့်အခြေအနေတွင် အာဆင်နယ်အသင်း၌ ဒဏ်ရာရရှိသူ များပြားနေ

နိုင်ငံတကာရက်သတ္တပတ်အပြီး ပွဲကျပ်များ ဆက်တိုက်ကစားရမည့်အခြေအနေတွင် အာဆင်နယ်အသင်း၌ ဒဏ်ရာရရှိသူ များပြားနေ
Photos: X
Photos: X
Published 11 September 2024

 

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါ နိုင်ငံအသင်းပွဲစဉ်တွင် ခြေချင်းဝတ်ဒဏ်ရာရခဲ့ပြီး နိုင်ငံတကာရက်သတ္တပတ်အပြီး ပွဲကျပ်များ ဆက်တိုက်ကစားရမည့်အခြေအနေတွင် အသင်း၌ ဒဏ်ရာရရှိသူ များပြားလာနေကြောင်း သိရသည်။ 

စက်တင်ဘာလ ၉ ရက်က ကစားခဲ့သော UEFA Nations League ပွဲစဉ် နော်ဝေ (၂-၁) သြစတြီးယားပွဲစဉ်တွင် အော်ဒီဂွါအနေဖြင့် ပြိုင်ဘက် သြစတြီးယားတိုက်စစ်မှူး ဘောင်ဂတ်နာ၏လျှောထိုးဖျက်ထုတ်မှုကြောင့် ခြေချင်းဝတ်ဒဏ်ရာရခဲ့ပြီး ၆၇ မိနစ်တွင် လူစားလဲခံခဲ့ရသည်။ 

အော်ဒီဂွါသည် ကွင်းမြက်ခင်းပြင်တွင် ပြင်းထန်သည့်ဝေဒနာ ခံစားခဲ့ရပြီး လမ်းကောင်းကောင်းမလျှောက်နိုင်သဖြင့် အသင်းဆေးအဖွဲ့ဝင်များ၏ တွဲကူမှုဖြင့် ကွင်းပြင်သို့  ထွက်ခဲ့ရသည်။ "မာတင်အော်ဒီဂွါ ရဲ့ဒဏ်ရာဟာ အဝတ်အစားလဲခန်းမှာ မြင်ရသလောက်တော့ ဆိုးရွားမယ့်ပုံပါပဲ"ဟု နော်ဝေအသင်းနည်းပြ ဆိုလ်ဘက်ခန်က ပြောကြားခဲ့သည်။ နော်ဝေအသင်းဆရာဝန်ဖြစ်သူကမူ ခြေချင်းဝတ်ဒဏ်ရာရရှိမှုကို အတည်ပြုခဲ့ပြီး MRI အဖြေကိုသာ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ 

အော်ဒီဂွါ၏ဒဏ်ရာရရှိမှုသည် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ် ပွဲကျပ်များဆက်တိုက်ကစားရမည့် မိခင်ကလပ် အာဆင်နယ်အသင်း အတွက်လည်း ထိုးနှက်ချက်ဖြစ်ခဲ့သည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်ကလည်း နောက်ခံလူ ကာလာဖီအိုရီမှာ ပြင်သစ်-အီတလီပွဲတွင် ပြင်သစ်တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီ နှင့် ထိခိုက်မိပြီး ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့သည်။ အော်ဒီဂွါနှင့် ကာလာဖီအိုရီတို့၏ဒဏ်ရာမှာ မည်မျှနားရမည်ကို မသိရသေးသော် လည်း ယင်းပွဲများကို လွဲချော်နိုင်ကြောင်း သတင်းများက သုံးသပ်ရေးသားလျက်ရှိသည်။ 

အာဆင်နယ်အသင်းတွင် ကွင်းလယ်လူ မယ်ရီနို၊ တိုက်စစ်မှူး ဂျေးဇူးနှင့် နောက်ခံလူ တော်မီယာဆုနှင့် တီယာနေးတို့မှာလည်း ဒဏ်ရာပြဿနာများရှိနေပြီး ကွင်းလယ်လူ ဒက်ကလန်ရိုက်မှာမူ ပွဲပယ်ပြစ်ဒဏ်ကြောင့် စပါးနှင့်ပွဲတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။ အာဆင်နယ်အသင်းအနေဖြင့် နိုင်ငံတကာရက်သတ္တပတ်အပြီးတွင် စပါးအသင်းနှင့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲ၊ အတ္တလန်တာ အသင်းနှင့် ချန်ပီယံလိဂ် အဝေးကွင်းပွဲ၊ မန်စီးတီးအသင်းနှင့် ပရီးမီး ယားလိဂ် အဝေးကွင်းပွဲများ ဆက်တိုက်ကစားရမည်ဖြစ်သည်။ 

အာဆင်နယ်အသင်းသည် စပါးနှင့် မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် အသုံးပြုနိုင်သူများအဖြစ် ပါတေနှင့် ဂျော်ဂျင်ညိုနှစ်ဦးသာရှိနေကြောင်း သိရသည်။ အာဆင်နယ်ပရိသတ်အချို့ကလည်း အသင်း၏ဒဏ်ရာပြဿနာများကို ညည်းတွားနေကြပြီး ပရိသတ်တစ်ဦးကမူ ယခုရာသီရည်မှန်းချက် ပြီးဆုံးသွားပြီဟု ရေးသားခဲ့သည်။

Most Read

Most Recent