ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီကဲ့သို့ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရကြောင်း နည်းပြ အန်ဆယ်လော့တီ ဝန်ခံ

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီကဲ့သို့ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရကြောင်း နည်းပြ အန်ဆယ်လော့တီ ဝန်ခံ
Photo: AFP
Photo: AFP
Published 31 August 2024

 

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ၎င်းတို့အသင်းအနေဖြင့် ပြီးခဲ့ သည့်ရာသီကဲ့သို့ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည်ဟု ဝန်ခံပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် သြဂုတ်လ ၂၉ ရက်(ကြာသပတေးနေ့) ကစားခဲ့သည့် လာလီဂါပွဲစဉ် ၃ တွင် လက်စ်ပါမားစ်အသင်းကို အနိုင်ကစားနိုင်ခြင်းမရှိဘဲ (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။ ထို့ကြောင့် ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် ၃ အပြီးတွင် တစ်ပွဲသာ အနိုင်ရထားပြီး နှစ်ပွဲသရေကျထားသဖြင့် ရမှတ် ငါးမှတ်သာ ရရှိထားသည်။ 

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ယခုကဲ့သို့ ရာသီအစမှာပင် အဖိုးတန်အမှတ်များ ဆုံးရှုံးခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ရာသီအစတွင် ၎င်းတို့အသင်း ရုန်းကန်နေရခြင်းအတွက် ဆင်ခြေပေးစရာ မရှိကြောင်းနှင့် ၎င်းတို့အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီကဲ့သို့ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည်ဟု ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။

အန်ဆယ်လော့တီက "ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ရာသီကလို ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဆင်ခြေပေးစရာ မရှိပါဘူး။ ပွဲစဉ်ဇယားက အရမ်းကျပ်တည်းတာကြောင့် ကျွန်တော်တို့အနေနဲ့ အလျင်အမြန် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့ ကြိုးစားရပါမယ်။ ဘာလို့လဲဆိုတော့ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့အနေနဲ့ တခြားပွဲစဉ်တစ်ပွဲ ထပ်ပြီးကစားရမှာမို့လိုပါ။ လက်စ်ပါမားစ်နဲ့ပွဲ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပုံဆိုးရွားခဲ့ပါတယ်။ အသင်းလိုက်ဟန်ချက် ပျက်နေခဲ့တာပါ။ ဒါကို ကျွန်တော်တို့ အဖြေရှာဖို့လိုပါတယ်။ အသင်းရဲ့ကစားပုံက တိုးတက်မှု ရှိမလာပါဘူး။ ကျွန်တော်တို့အနေနဲ့ အခုထက်ပိုပြီးတိုးတက်ဖို့ ကြိုးစားရမှာပါ"ဟု ပြောကြားခဲ့သည်။ 

ယခုနွေရာသီတွင် ရီးယဲလ်မက်ဒရစ် အသင်းသို့ ရောက်ရှိလာသည့် နာမည်ကျော် တိုက်စစ်မှူး ဘာပေမှာလည်း လာလီဂါတွင် ဂိုးရရန် ရုန်းကန်နေရဆဲဖြစ်သည်။ ဘာပေ သည် ယခုရာသီ ရီးယဲလ်မက်ဒရစ်အသင်း၏ လာလီဂါပွဲစဉ် သုံးပွဲစလုံး ပါဝင်ကစားခဲ့ သော်လည်း ဂိုးမသွင်းနိုင်သေးသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ သို့သော် အန်ဆယ်လော့တီက ဘာပေကို အပြစ်မတင်ဘဲ အသင်းကစားပုံမကောင်းခြင်းကြောင့် တိုက်စစ်မှူးများလည်း ရုန်းကန်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ 

အန်ဆယ်လော့တီက "ကျွန်တော်တို့အသင်း ကစားတာ အရမ်းနှေးပါတယ်။ တိုက်စစ်ကစားသမားတွေအနေနဲ့ ပြိုင်ဘက်အသင်းဘက်ခြမ်းမှာ ဘောလုံးလက်ခံရရှိမှု နည်းပါးတာကြောင့် သူတို့အတွက် မလွယ်ကူပါဘူး။ ကျွန်တော်တို့အသင်းအနေနဲ့ ပြိုင်ဘက် ဘောလုံးကိုင်ထားချိန်မှာ နေရာလွတ်တွေ အများကြီးပေးမိတာလည်း အမှားကြီး မှားပါတယ်။ ဒါကို ကျွန်တော်တို့ ပြင်ဆင်ရမှာပါ။ ဘာပေအတွက် စိတ်မပူပါဘူး"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent