လီယာအိုနှင့် သီယိုဟာနန်ဒက်စ်တို့သည် ယခုရာသီတွင် အေစီမီလန်အသင်း၏ အဓိကပြဿနာများဖြစ်ကြောင်း အီတလီတိုက်စစ်မှူးဟောင်း ကာဆာနို ဝေဖန်

လီယာအိုနှင့် သီယိုဟာနန်ဒက်စ်တို့သည် ယခုရာသီတွင် အေစီမီလန်အသင်း၏ အဓိကပြဿနာများဖြစ်ကြောင်း အီတလီတိုက်စစ်မှူးဟောင်း ကာဆာနို ဝေဖန်
Photo: AC Milan
Photo: AC Milan
Published 29 August 2024

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေသည့် အီတလီတိုက်စစ်မှူးဟောင်း ကာဆာနိုက အေစီမီလန်အသင်း၏အဓိကကစားသမားဖြစ်သည့် လီယာအိုနှင့် သီယိုဟာနန်ဒက်ဇ်တို့သည် ယခုရာသီတွင် အသင်း၏အဓိကပြဿနာများဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

နည်းပြ ဖွန်ဆီကာ၏ အေစီမီလန်အသင်းသည် ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် ရုန်းကန်နေရပြီး ပွဲစဉ်(၁) တွင် တိုရီနိုနှင့် သရေကျခဲ့သလို၊ ပွဲစဉ်(၂) တွင် တန်းတက် ပါးမားအသင်းကို အရှုံးပေးခဲ့ရသည်။

ထို့ကြောင့် အေစီမီလန်နည်းပြသစ် ဖွန်ဆီကာမှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ယခုရာသီ စီးရီးအေတွင် ပထမဆုံးထုတ်ပယ်ခံရမည့် နည်းပြစာရင်းတွင် ပါဝင်နေကြောင်း သိရှိရသည်။

ကာဆာနိုကမူ ယခုရာသီ အေစီမီလန်အသင်း ခြေစွမ်းမပြနိုင်ခြင်းမှာ လီယာအိုနှင့် သီယိုဟာနန်ဒက်ဇ်တို့ကြောင့်ဖြစ်သည်ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ကာဆာနိုက ''လီယာအိုက အေစီရဲ့ ပြဿနာပါပဲ။ သူက ခံစစ်ကို ကူညီခြင်းမရှိသလို၊ တိုက်စစ်ကစားရာမှာလည်း ဂိုးသွင်းညံ့ပါတယ်။ သူ့ကြည့်ရတာ ဘောလုံးကောင်းကောင်း မကစားတတ်သလိုပါပဲ။ ပြီးတော့ နောက်တစ်ယောက်က သီယိုဟာနန်ဒက်ဇ်ပါ။ သူ ဘာဖြစ်ချင်နေတာလဲ။ အသင်းက ထွက်ချင်နေတာလား။ ဒါမှမဟုတ် လစာတိုးလိုချင်နေတာလား။ ပြီးခဲ့တဲ့ (၂) ပွဲစလုံးမှာ အေစီမီလန်အသင်းဟာ သူ့အမှားကြောင့် ဂိုးတွေပေးခဲ့ရတာပါ။ တိုရီနိုနဲ့ပွဲမှာ ဇာပါတာရဲ့ဂိုးဟာ သူ့အမှားဖြစ်သလို၊ ပါးမားသွင်းယူခဲ့တဲ့ (၂) ဂိုးစလုံးဟာလည်း သူ့အမှားပါပဲ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကာဆာနိုက ဖွန်ဆီကာအနေဖြင့် အေစီကို ရလဒ်ကောင်းများ ရရှိစေလိုပါက ယင်းပြဿနာကို အရင်ဆုံးဖြေရှင်းရမည်ဟုလည်း ဆိုခဲ့သည်။

Most Read

Most Recent