ချယ်လ်ဆီးနှင့် အယ်လ်အာလီတို့ ခေါ်ယူရန် ပစ်မှတ်ထားနေသည့် တိုနေးအား မန်ယူအသင်း ကြားဖြတ်ခေါ်ယူရန် စီစဉ်နေပြီး ဘရန့်ဖို့ဒ်အသင်းနှင့် ဆွေးနွေး

ချယ်လ်ဆီးနှင့် အယ်လ်အာလီတို့ ခေါ်ယူရန် ပစ်မှတ်ထားနေသည့် တိုနေးအား မန်ယူအသင်း ကြားဖြတ်ခေါ်ယူရန် စီစဉ်နေပြီး ဘရန့်ဖို့ဒ်အသင်းနှင့် ဆွေးနွေး
Photo: Daily Mail
Photo: Daily Mail
Published 29 August 2024

 

မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းနှင့် ဆော်ဒီကလပ် အယ်လ်အာလီအသင်းတို့ ခေါ်ယူရန်ကြိုးပမ်းနေသည့် ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးအား ကြားဖြတ်ခေါ်ယူရန်စီစဉ် နေပြီး သြဂုတ်လ (၂၈) ရက်တွင် ဘရန့်ဖို့ဒ်အသင်းနှင့်ဆွေးနွေးနေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အသက် (၂၈) နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး တိုနေးသည် ဘရန့်ဖို့ဒ်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့ပြီး ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းပြောင်းရွှေ့လိုနေကြောင်း သိရသည်။ ၎င်းအား ခေါ်ယူရန် ဆော်ဒီကလပ် အယ်လ်အာလီအသင်းနှင့် ချယ်လ်ဆီးအသင်းတို့က အပြိုင်ကြိုးပမ်းနေကြပြီး ယခုအခါ မန်ယူအသင်းကပါ ၎င်းကို ခေါ်ယူရန်စီစဉ်လာခြင်းဖြစ်ပြီး ဘရန့်ဖို့ဒ်အသင်းနှင့်ပင် အပြောင်းအရွှေ့အတွက် ဆွေးနွေးနေပြီဖြစ်ကြောင်း သိရှိရသည်။ 

The Standard သတင်းစာ၏ ဖော်ပြချက်အရ မန်ယူအသင်းသည် သြဂုတ်လ (၂၈) ရက်တွင် တိုနေးအား ခေါ်ယူရန်အတွက် ဘရန့်ဖို့ဒ်အသင်းနှင့် ကနဦးဆွေးနွေးမှုများ ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး တရားဝင်ကမ်းလှမ်းခြင်း မရှိသေးကြောင်း သိရသည်။ မန်ယူအသင်းအနေဖြင့် တိုနေးအား ခေါ်ယူရန် ကြိုးပမ်းရာတွင် ဆော်ဒီကလပ် အယ်လ်အာလီအသင်းထက် ချယ်လ်ဆီးအသင်းနှင့် အပြိုင်ကြိုးပမ်းရဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

Sky Sports ၏ ဖော်ပြချက်အရ တိုနေးမှာ ချယ်လ်ဆီးအသင်း၏လစာပေးချေသည့်စနစ်နှင့်ကိုက်ညီသူဖြစ်ပြီး အသင်းနှင့် အံဝင်မည်ဟုလည်း ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက ယုံကြည်နေကြောင်း သိရသည်။ မန်ယူအသင်းက ဂိုးသွင်းနှုန်းကျဆင်းနေပြီး ဒဏ်ရာပြဿနာများနေသည့် တိုက်စစ်ပိုင်းအတွက် တိုနေးအားခေါ်ယူလိုနေခြင်းဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းတိုက်စစ်တွင် ရပ်ရှ်ဖို့ဒ်မှာ ခြေစွမ်းပျောက်ဆုံးနေပြီး ဟွိုင်လန်းမှာလည်း ဒဏ်ရာကြောင့် အနားယူနေရသည်။ မန်ယူအသင်းသည် အပြောင်းအရွှေ့မပိတ်မီ တိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

Most Read

Most Recent