တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ကျောက်မဲမြို့ပေါ်တွင် အလောင်း ၆၀ နီးပါးခန့် တွေ့ရှိခဲ့ရ

တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ကျောက်မဲမြို့ပေါ်တွင် အလောင်း ၆၀ နီးပါးခန့် တွေ့ရှိခဲ့ရ
Published 4 July 2024

တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ကျောက်မဲမြို့ပေါ်တွင် အလောင်း ၆၀ နီးပါးခန့် တွေ့ရှိခဲ့ရပြီး လူမှုကူညီရေးအသင်းများက သဂြိုင်္ဟ်ပေးခဲ့ရကြောင်း ကျောက်မဲမြို့ခံ နမ့်ခုံးရှမ်းများပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇွန် ၂၅ ရက်မှ စတင်ကာ ကျောက်မဲမြို့အနီးတဝိုက်တွင် တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။

“ဒီနေ့အထိဆို အလောင်း ၅၉ လောင်းတွေ့ရတယ်။ ၆၀ နီးပါးပေါ့။ အကုန်လုံးကိုတော့ သဂြိုဟ်ပေးလိုက်ပါတယ်” ဟု နမ့်ခုံးရှမ်းများပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူများတွင် ကလေးငယ် ခြောက်ဦးအနည်းဆုံးပါဝင်ပြီး ကျန်သူများမှာ သက်လတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီးများ ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဖြစ်စဉ်တစ်ခုဆိုရင် ကလေးတွေက သရက်သီး ထိုင်စားနေတဲ့အချိန် အိမ်ရှေ့တည့်တည့်ကို လက်နက်ကြီးကျည်ကျတာ။ ခြောက်ယောက်စလုံး ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု ကျောက်မဲမြို့ခံ နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါအလောင်းများမှာ ကျောက်မဲမြို့ပေါ်တွင် တွေ့ရှိခဲ့သည့်အလောင်းများဖြစ်သည်ဟု အဆိုပါအသင်းမှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ကျောက်မဲမြို့အနီး ပစ်ခတ်သံများ ငြိမ်သက်နေပြီး မြို့ပေါ်တွင် နေထိုင်သူ ၁၀ ရာခိုင်နှုန်းခန့်သာရှိတော့သည်ဟု သိရသည်။

“၁၀၀ မှာ ၉၀ လောက်က မြို့ပေါ်ကနေ ရှောင်နေရတယ်။ ဥပမာ သုံးအိမ်ပေါင်းရင် တစ်ယောက်လောက်ပဲ အိမ်စောင့်ရှိတော့တယ်။ ကျွန်တော်တို့အသင်းလည်း လောလောဆယ်ကူညီရေးတွေ မလုပ်နိုင်သေးဘူး။ ကူညီရေးဆိုတာက ကျန်းမာရေးစောင့်ရှောက်မှုတွေပေါ့။ ကုသပေးမယ့် ဆရာဝန်လည်း မရှိတော့ ဘာမှလုပ်လို့မရဘူး” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်မဲမြို့တွင် လတ်တလော စားနပ်ရိက္ခာပြတ်လပ်ခြင်းမရှိသေးသော်လည်း ရက်ရှည်ဖြစ်လာပါက အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း၊ လက်ရှိတွင် ဓာတ်ဆီအခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကျောက်မဲမြို့ခံအချို့က ပြောကြားသည်။

Most Read

Most Recent