ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့သွားခဲ့သည့် ဘာပေ၏ နေရာတွင် အစားထိုးရန်အတွက် မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်၏ အခြေအနေကို PSG အသင်း စောင့်ကြည့်နေ

ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့သွားခဲ့သည့် ဘာပေ၏ နေရာတွင် အစားထိုးရန်အတွက် မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်၏ အခြေအနေကို PSG အသင်း စောင့်ကြည့်နေ
Photo: Getty Images
Photo: Getty Images
Published 29 June 2024

 

ပြင်သစ်ထိပ်သီး PSG အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့သွားခဲ့သည့် နာမည်ကျော် ပြင်သစ်တိုက်စစ်ကစားသမား ဘာပေ၏နေရာတွင် အစားထိုးရန်အတွက် မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို စောင့်ကြည့်နေကြောင်း သိရှိရသည်။

PSG အသင်းသည် အသက် ၂၆ နှစ် အရွယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား ခေါ်ယူရန် ယခင်ကတည်းက စိတ်ဝင်စားနေခဲ့ခြင်းဖြစ်ပြီး ယခုနွေရာသီတွင် ကမ်းလှမ်းမှုများ ပြုလုပ်ရန်အတွက် မန်ယူအသင်းနှင့် ရပ်ရှ်ဖို့ဒ်၏အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်ကြောင်း သိရသည်။ မန်ယူအသင်းသည် လက်ရှိတွင် ရပ်ရှ်ဖို့ဒ်အား ရောင်းထုတ်လိုခြင်းမရှိသော်လည်း ကစားသမားသစ်များ ခေါ်ယူနိုင်ရန်အတွက် ငွေကြေးမြောက်မြားစွာဖြင့် ကမ်းလှမ်းမှုများရှိပါလာက လက်ခံစဉ်းစားသွားဖွယ်ရှိကြောင်း သိရသည်။ ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ၂၀၂၃ -၂၄ ရာသီက စိတ်ပျက်စရာများနှင့် ကြုံတွေ့ခဲ့ရပြီး ပြိုင်ပွဲစုံ ၄၃ ပွဲတွင် ရှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းတွင် ခြေစွမ်းမပြနိုင်ခဲ့ခြင်းကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ ထို့ပြင် မန်ယူအ သင်းတွင် အသင်းနည်းပြ တန်ဟက်ဂ် ဆက်ရှိနေမည်ဖြစ်ရာ ရပ်ရှ်ဖို့ဒ်၏အနာဂတ်မှာ လှုပ်ခတ်လျက်ရှိကြောင်း အင်္ဂလိပ်မီဒီယာများက ဖော်ပြနေကြသည်။ ပြီးခဲ့သည့်ရာသီက မန်ယူအသင်းတွင် ခြေစွမ်းမပြနိုင်ခဲ့သည့် ရပ်ရှ်ဖို့ဒ်အား လာမည့်ရာသီသစ်တွင် ဥရောပထိပ်တန်းတစ်သင်းသင်းထံသို့ ပြောင်းရွှေ့ကစားရန် တိုက်တွန်းမှုများလည်း ရှိနေသည်။ 

PSG အသင်းမှာမူ အသင်း၏အဓိက ကြယ်ပွင့်တိုက်စစ်ကစားသမား ဘာပေကို လက်လွှတ်ခဲ့ရသည့်အတွက် ယခုနွေရာသီတွင် ထိပ်တန်းတိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။ အသက် ၂၅ နှစ်အရွယ်ရှိ ပြင်သစ်လက် ရွေးစင်အသင်းခေါင်းဆောင် ဘာပေသည် ပြီးခဲ့သည့်ရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် စပိန် ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။ PSG နည်းပြ အန်နရီကေး သည် ဘာပေ၏ နေရာတွင် အစားထိုးရန်အတွက် ယခုနွေတွင် ထိပ်တန်းတိုက်စစ်ကစားသမား ခေါ်ယူရန် စီစဉ်လျက်ရှိသည်။ 

ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသော်လည်း မန်ယူအသင်းအတွက် ကိုးရာသီအတွင်း ပြိုင်ပွဲစုံ ၄၀၂ ပွဲ တွင် ၁၃၁ ဂိုး သွင်းယူထားသူဖြစ်သည်။ နာမည်ကျော် ဘောလုံးဝေဖန်သူတစ်ဦးဖြစ်သည့် ဂရေမီဆောင်းနက်စ်က မန်ယူအသင်းတွင် ရပ်ရှ်ဖို့ဒ်ကို ထိန်းကျောင်းနိုင်သည့် ခေါင်းဆောင်ကောင်း မရှိကြောင်းနှင့် ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းတွင် ဆက်နေမည်ဆိုပါက အင်္ဂလန်ဘောလုံးသမိုင်းတွင် စိတ်ပျက်စရာအကောင်းဆုံးကစားသမား ဖြစ်လာလိမ့်မည်ဟု သုံးသပ်ပြောကြားထားသည်။ 

ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသလို အသင်းမှချမှတ်ထားသည့် စည်းကမ်းအချို့ကိုလည်း ချိုးဖောက်ခဲ့သည့်အတွက် အသင်း ပရိသတ်များ၏ဝေဖန်မှုများနှင့်ပင် ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် မန်ယူပရိသတ်အချို့က ရပ်ရှ်ဖို့ဒ်သည် အသင်းအတွက် ပေးဆပ်လိုခြင်းမရှိဟုလည်း စွပ်စွဲခဲ့ကြသည်။ ရပ်ရှ်ဖို့ဒ်သည် အဆိုပါစွပ်စွဲမှုများကို ပြန်လည်တုံ့ပြန်ခဲ့ပြီး မိမိ၏ခြေစွမ်းအပေါ် ဝေဖန်မှုများကို လက်ခံသော်လည်း မန်ယူအသင်းအပေါ် ထားရှိသည့် မိမိ၏ချစ်စိတ်ကိုမူ မေးခွန်းမ ထုတ်သင့်ကြောင်း ပြောကြားခဲ့သည်။ 

ယင်းအခြေအနေများကြောင့် PSG အသင်းသည် ရပ်ရှ်ဖို့ဒ်၏အခြေအနေကို စောင့်ကြည့်နေပြီး ကစားသမားဘက်မှ မီးစိမ်းပြလာပါက ကမ်းလှမ်းရန်အသင့်ရှိနေကြောင်း သိရသည်။ ရပ်ရှ်ဖို့ဒ်၏ လက်ရှိစျေးကွက်ပေါက်ကြေးမှာ ပေါင်သန်း ၅ဝသာ ရှိကြောင်းသိရသည်။ 

Most Read

Most Recent