ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးနှင့် တောင်ငူမြို့နယ်တို့တွင် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဆက်တိုက်ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးနှင့် တောင်ငူမြို့နယ်တို့တွင် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဆက်တိုက်ဖမ်းဆီးရမိ
Published 12 June 2024

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးနှင့် တောင်ငူမြို့နယ်တို့တွင် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ဆက်တိုက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန်လပထမပတ်အတွင်း တောင်ငူမြို့ လေးမိုင်စစ်ဆေးရေးဂိတ်တွင် မီးသွေးအိတ်များ တင်ဆောင်မောင်းနှင်လာသည့် ယာဉ်အားစစ်ဆေးခဲ့ရာ မီးသွေးအိတ်များဖြင့်ရောတင်လာသည့် လက်နက်မျိုးစုံ ၃၄ လက်၊ ကျည်မျိုးစုံအတောင့်၂ရဝဝဝ၊ အီနာဂါ ဗုံးသီးအလုံး ၄၀၊ ဗုံးသီးမျိုးစုံ ၁၀၄ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၄၉ လုံး၊ ကျည်အိမ်မျိုးစုံ ၈၇ ခု၊ ရီမုအခု ၆၀၊ Receiver အခု ၃၅၀၊ DJI Drone တစ်စုံ၊ Star Link တစ်စုံနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သည့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြမှုအရ သိရသည်။

ယင်းလက်နက်များဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ Exile မီဒီယာအချို့တွင် သာယာဝတီခရိုင် ကာကွယ်ရေးအဖွဲ့အား  အတည်ပြုရေးသားဖော်ပြချက်အရ အဆိုပါလက်နက်များသည် သာယာဝတီခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များသယ်ဆောင်လာသည့် လက်နက်ခဲယမ်းများဖြစ်ကြောင်း၊ ဇွန်လ ၈ ရက်တွင် တောင်ငူမြို့စစ်တောင်းတံတားစစ်ဆေးဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ သတင်းပေါက်ကြားမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

အလားတူ ပြီးခဲ့သည့် မေလကုန်ပိုင်းက ဒိုက်ဦးမြို့နယ် အလယ်ခင်ကျေးရွာရှိ ဦးစိုးလေး၏ နေအိမ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ FGC 9 သေနတ်အလက် ၃၀၊ ကျည်အိမ် ၄၀၊ ၉ မမကျည်အတောင့် ၁၅၀၀၊ ရီမု ၁၅ ခု၊ Reciver ၄၅ ခု၊ လက်လုပ်ရှေ့ထွက်မိုင်းနှစ်လုံး၊ ထိုင်းနိုင်ငံထုတ် ရှေ့ထွက်မိုင်းတစ်လုံး၊ ယမ်းကြိုး(ပေ ၃၀) တစ်ခွေ၊ ကြိုးဆွဲလက်ပစ်ဗုံးနှစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖမ်းဆီးရမိမှုများအား နစကသတင်းထုတ်ပြန်ရေးအဖွဲ့က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Most Read

Most Recent