၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ် မတ်လအထိ AA အဖွဲ့နှင့် ဆက်စပ်သော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိုးကြိမ်ရှိခဲ့ပြီး ကာလတန်ဖိုးကျပ် ၂၉၄ ဒသမ ၈၂ ဘီလျံခန့်ရှိ

၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ် မတ်လအထိ AA အဖွဲ့နှင့် ဆက်စပ်သော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိုးကြိမ်ရှိခဲ့ပြီး ကာလတန်ဖိုးကျပ် ၂၉၄ ဒသမ ၈၂ ဘီလျံခန့်ရှိ
Published 5 June 2024

၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ် မတ်လအထိ AA အဖွဲ့နှင့် ဆက်စပ်သော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိုးကြိမ်ရှိခဲ့ပြီး ကာလတန်ဖိုးကျပ် ၂၉၄ ဒသမ ၈၂ ဘီလျံခန့်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

AA အဖွဲ့အနေဖြင့် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်နေမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ရှင်းလင်းရာတွင် ထိုသို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

“၂၀၁၆ ခုနှစ်ကနေ ဒီမတ်လအတွင်း AA သောင်းကျန်းသူအဖွဲ့နဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိုးကြိမ်ရှိခဲ့တယ်။ မူးယစ်ဆေးဝါးကာလတန်ဖိုး ၂၉၄ ဒသမ ၈၂ ဘီလျံကျပ်ဖြစ်ကြောင်း တွေ့ရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် မတ်၂၁ ရက်တွင် AA အဖွဲ့၏ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး သန့်ဇင်ဦးအနေဖြင့် ဘူးသီးတောင်မြို့မှ AA အဖွဲ့၏ ထောက်ပံ့ရေးတာဝန်ခံ တရားခံပြေး မေယုထွန်းနှင့် ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးများကို ရန်ကုန်မှတစ်ဆင့် စစ်တွေ၊ ဘူးသီးတောင်သို့ ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း သတင်းပေးချက်အရ ရန်ကုန် တာမွေမြို့နယ်တွင် ဝင်ရောက်ဖမ်းဆီးရာတွင် တရားခံ ထွန်းသိန်းအောင်နှင့် ၎င်း၏ဇနီးတို့ကို ဖမ်းမိခဲ့ကြောင်း၊ ၎င်းတို့၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ဆိပ်ကမ်း၌ ရှိသည့် အမှတ်(၂)တံတားတွင် ဆိုက်ကပ်ထားသော ရန်ကုန်- စစ်တွေပြေးဆွဲနေသည့် အမ်ဗွီ- စိန်ပြည့်မင်းကုန်တင်သင်္ဘောကို ဝင်ရောက်စစ်ဆေးရာ စက္ကူဖာများအတွင်း WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းနှင့် ကာလတန်ဖိုးငွေ ကျပ် တစ်ဘီလျံခန့် ဖမ်းဆီးရရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

၎င်းတို့ကို ဖမ်းဆီးရာတွင် စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်၌ရှိသည့် တရားခံပြေးသန့်ဇင်ဦးက ရန်ကုန်မှ စစ်တွေသို့ ပို့ပေးလျှင် ငွေပေးမည်ဟုဆိုပြီး သဘောတူလက်ခံခဲ့ကာ အမ်ဗွီ-စိန်ပြည့်မင်းသင်္ဘောပေါ်သို့ တင်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“AA အဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးနဲ့ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ယခင်ကလည်း ကျွန်တော်တို့ AA ကနေပြီး AA တပ်ဖွဲ့ဝင်တွေ၊ AA ကိုထောက်ပံ့နေတဲ့အဖွဲ့တွေရဲ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုတွေ၊ ဖြန့်ဖြူးမှုတွေအကြောင်း ပြောခဲ့ပြီးပါပြီ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

မေ၂၉ ရက်ကလည်း ရန်ကုန်မှ နေတော်ပြည်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးကို စစ်ဆေးခဲ့ရာ ယင်းမော်တော်ယာဉ်ပေါ်တွင် WY စာတန်းပါ မူးယစ်ဆေးဝါး အုတ်ခဲပုံအထုပ် ၂၀ စီပါသည့် အိတ် ၁၀ အိတ်၊ အုတ်ခဲပုံအထုပ် ၁၀ ခုစီပါသည့် အိတ်ကိုးအိတ်၊ WY စာတန်းပါ ဆေးပြားစုစုပေါင်း ၂၉ သိန်း၊ ကာလတန်ဖိုးငွေ ကျပ် သိန်းနှစ်သောင်းခန့် ဖမ်းဆီးရမိခဲ့သည်။ 

“AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တစ်မျိုးသားလုံးလူညွန့်တုံးစေဖို့ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေ၊ ဖြန့်ဖြူးတာတွေ ဆောင်ရွက်လျက်ရှိတာကို တွေ့ရပါတယ်။ ပြည်သူများအနေနဲ့ သူတို့ရဲ့ အစွန်းရောက်လုပ်ရပ်တွေ၊ ရခိုင်တစ်မျိုးသားလုံးကို လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒီ AA အဖွဲ့ကို သတိရှိဖို့ လိုပါတယ်။ ဒီဟာတွေကိုဆောင်ရွက်နေခြင်းဟာ ရခိုင်ပြည်နယ် ရခိုင်ပြည်သူလူထု ကျွန်တော်တို့ မြန်မာနိုင်ငံ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အကျိုးယုတ်စေမယ့် လုပ်ငန်းတွေပဲဖြစ်လို့ အားလုံးကဝိုင်းဝန်းဆန့်ကျင်ကြဖို့ သတိပေးပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

Most Read

Most Recent